အာရက္ခတပ်တော် AA အကူအညီဖြင့် ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကို လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း Chin Defence Force – Kanpetlet က ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။
အာဏာရှင်များကို အသက်၊ သွေး၊ ချွှေး များစွာနှင့် တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်၍ အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့သော (ချင်းပြည်တောင်ပိုင်း) စစ်ရေးအောင်မြင်မှု အထိမ်းအမှတ် အနေဖြင့် (ဝိတိုရိယတောင်) Khawnumcung ဟု ပြန်လည်မှည့်ယူ ခေါ်ဆိုနိုင်ခဲ့ကြကြောင်း ဆိုသည်။
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria) တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့ ကူညီပေးမယ်” ဆိုပြီး ချင်းပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့ဖူးသည်။
စိန်ခေါ်မှု၊ အခက်ခဲများစွာ ကြားက မဟာမိတ် အာရက္ခတပ်တော် AAနှင့် ချင်းညီနောင် တပ်ဖွဲ့ဝင်များ၏ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင်ခြင်း မှတ်တိုင် တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြောင်း Chin Defence Force – Kanpetlet ဆိုသည်။
Mt.Victoria ဆိုသော အမည်နာမသည် England ဘုရင်မ Queen Victoria ၏ အမည်နာမကို အစွဲပြုပြီး British များ မှည့်ယူခေါ်ဆိုခဲ့ကြကြောင်း သိရသည်။
“Mt.Victoria ဝိတိုရိယတောင်ထိပ်မှာလည်း ချင်းပြည်အလံတော်ကို လေးစားကြည်ညိုဖွယ်ရာ ကောင်းအောင်လွှင့်ထူနိုင်ခဲ့ကြပြီဖြစ်ပါတယ်” ဟု Chin Defence Force – Kanpetlet ပြောသည်။



CDF ကန်ပက်လက် Chin Defence Force – Kanpetlet သည် စစ်အာဏာသိမ်းမှု အလွန်ကာလတွင် ပေါ်ပေါက်လာသည့် မြို့နယ်အခြေပြု တော်လှန်ရေး တပ်ဖွဲ့ဖြစ်ပြီး တော်လှန်ရေး မဟာမိတ် ၁၀ ဖွဲ့ရှိကြောင်း သိရသည်။
ယင်းတို့မှာ အာရက္ခတပ်တော် (ULA/AA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)၊ ဇိုမီးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF-Mindat)၊ မရာနယ်မြေကာကွယ်ရေး တပ်ဖွဲ့ (MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ -၁) (CDF-Matupi)တို့ ဖြစ်ကြသည်။
ထို့အပြင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ ယောကာကွယ်ရေးတပ် (YDF)၊ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Saw PDF)၊ မင်းဘူးခရိုင် အမှတ်-၆ တပ်ရင်း၊ ယောတပ်တော် (YA)၊ GZ Army။ မဟာမိတ် အဖွဲ့ ဖြစ်ကြသည်။