Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုဝင်များထဲက မိသားစုဝင်များနှင့် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထားသည့် အရပ်သား အကျဉ်းသား စုစုပေါင်း ၁၄၂ ဦးကို အာရက္ခတပ်တော် AA က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အားလုံးမှာ လွှတ်ပေးလို့ရသည့် သုံ့ပန်းများဖြစ်ကြောင်း အာရက္ခတပ်တော် AA မှ တာဝန်ရှိသူများက ပြောသည်။

သုံ့ပန်း ၁၁၆ ဦးထဲမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၆ ဦးတို့ပါဝင်ပြီး အကျဉ်းသား ၂၆ ဦးက အမျိုးသားပဲဖြစ်ကြောင်း သိရသည်။

၎င်းတို့အားလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နယ်မြေတွင် အခမ်းအနားနှင့်တကွ မိသားစုဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူများကဆိုသည်။

အာရက္ခတပ်တော် AA က လွှတ်ပေးခဲ့သူများအားလုံးမှာ စစ်ကောင်စီ ထိန်းချုပ်မှု မရှိသည့် နေရာဒေသက ဖြစ်ကြောင်းလည်း သိရသည်။

AA နှင့် နီးစပ်သူတစ်ဦးက “အခု လွှတ်ပေးတဲ့သူတွေဟာ စစ်ကောင်စီ ထိန်းချုပ်ဒေသက မဟုတ်ဘူး။ စစ်ကောင်စီ ထိန်းချုပ်ဒေသက သူတွေကို မလွှတ်ပေးသေးတဲ့ သဘောပါ။ အဓိကတော့ လုံခြုံရေးအရပေါ့လေ။ လုံခြုံရေးဆိုတာက AA အတွက်ရော၊ လွတ်မြောက်သွားတဲ့သူတွေ အတွက်လည်းပါပါတယ်။ လွတ်သွားတဲ့သူတွေဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေကဆိုရင် သူတို့ဟာ ပြန်လည် စစ်ဆေးမေးမြန်းခံရတာတွေနဲ့ အရေးယူခံရမှုတွေလည်း ခံရနိုင်ခြေရှိတာကြောင့် ထင်ပါတယ်” ဟု ပြောသည်။

နောက်ထပ်လည်း ပြန်လည်လွှတ်ပေး၍ရသည့် စစ်သုံ့ပန်းများနှင့် အကျဉ်းသား များစွာရှိနေသေးပြီး အာရက္ခတပ်တော် AA က နောက်ထပ် လွှတ်ပေးရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။

အာရက္ခတပ်တော် AA က ထိန်းသိမ်းစောင့်ရှောက်ထားသည့် စစ်သုံ့ပန်းများနှင့် အကျဉ်းသားများရှိရာ နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် သုံ့ပန်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀ ကျော်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ရိုးမတောင်ပေါ်က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပြီးနောက် ဆက်စပ်နေသည့် ဧရာဝတီ၊ ပဲခူးနှင့် မကွေးဒေသက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ယင်းအပြင် ရခိုင်မြို့တော် စစ်တွေမြို့ကိုလည်း AA သည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဖေဖော်ဝါရီလ ၇ ရက် ညကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ရင်းများကလည်း AA ထိုးစစ်ကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ