အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသော ရခိုင်ပြည် တောင်ကုတ်မြို့နှင့် မောင်တောမြို့နယ်တို့တွင် စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က တောင်ကုတ်မြို့တွင် ချောင်းကမ်းနားက ကောက်ယူလာသော စစ်ကျန်ဗုံးသီးကို ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်။
ကလေးငယ် မောင်နေစိုးသူမှာ ဘယ်ဘက် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားပြီး သိမ်တောင်ရပ်ကွက်ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မောင်တောမြို့နယ် သီဟိုဠ်အေးကျေးရွာက မွတ်ဆလင်တစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားကြောင်း သိရသည်။
နေ့ခင်း ၂ နာရီအချိန်တွင် မြို့မမြောက်ရပ်ကွက်မှာ ခြံစည်းရိုးကာနေချိန် အသက် ၁၈ နှစ်အရွယ် မွတ်ဆလင်တစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက် ခြေဖဝါး ပြတ်ထွက်သွားခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးမှာ ခြေတစ်ဖက် ပြတ်ထွက် ဒဏ်ရာရရှိသွားသည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ မောင်တောမြို့နယ် ရွှေဇားဂုံးကျေးရွာမှာ စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြသည်။
ရခိုင်တွင် ယခုတစ်လော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ပြည်သူများ နေ့စဉ်ဆိုသလို သေဆုံးမှုများ မြင့်တက်လာနေပြီး မိုင်းအန္တရာယ် အသိပညာပေး ပိုမို လုပ်ဆောင်ရန် လိုအပ်လာနေကြောင်း ဒေသခံများက ပြောသည်။
မြို့ပေါ်အပါအဝင် ကျေးလတ်နေ ပြည်သူများမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များနှင့် ပတ်သက်၍ အသိပညာပေးမှုများ သိရှိမှုအားနည်းသောကြောင့် ယခုလို သေဆုံးမှုများ ဆက်တိုက် မြင့်တက်လာနေကြောင်း ဂွမြို့နယ်လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
![](https://westernnewsmm.com/posted/2025/02/1-36-1024x1024.jpg)
“အခုတစ်လော သေဆုံးမှုတွေ အရမ်းမြင့်တက်လာနေပါတယ်။ တစ်ချို့ ကလေးတွေ မဟုတ်ဘူး။ လူကြီးတွေတောင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတောင် နားမလည်းဘူး။ ဗုံးသီးကို ယူလာပြီးတော့ အိမ်မှာ ထားတာတွေ၊ ပြီးတော့ ထုခွဲတာတွေ လုပ်ကြတယ်။ ဒီလို မလုပ်သင့်တာတွေ၊ လုပ်တာကြောင့် သေဆုံးမှုတွေ မြင့်တက်လာတာပါ။ လူကြီးတွေက ဒါတွေနဲ့ ပိုပြီးတော့ ယဉ်ပါးဖို့လိုတယ်။ ကလေးတွေကို သေချာလေးကို စနစ်တကျ ပြောဖို့လိုတယ်” ဟုပြောသည်။
အာရက္ခတပ်တော် AA မြောက်ဦး၊ မောင်တော အပါအဝင် သိမ်းပိုက်ထားသော မြို့များတွင် မြေမြှုပ်မိုင်းများရှင်းလင်းရေးကို လုပ်ဆောင်နေကြောင်း သိရသည်။
ဂွမြို့နယ် စစ်ပွဲကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူ ၅ နှစ်အောက် ကလေးသူငယ် ၃ ဦး၊ လူကြီး ၁ ဦး စုစုပေါင်း ၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအထိ ရှိလာပြီဖြစ်သည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ အထိကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၈၈၉ ဦးအထိရှိကြောင်း ဖော်ပြထားသည်။