Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ပြန်လည် ထူထောင်ရေးအတွက် လမ်းပန်းဆက်ရေး ကောင်းမွန်လာစေရန် ဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တွေ့ရစဉ်။ ဓါတ်ပုံ- APM

ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲလောက်မှာ အာရက္ခတပ်တော် AA အင်အား ၁၀၀ ကျော်လောက်က ကျေးရွာကို ဝိုင်းရံ ပိတ်ဆို့ပြီး စစ်မှုထမ်းရန်အတွက် ကျေးရွာအတွင်း မြိုလူမျိုး ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်းသွားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

ယင်းခုံတိုင်ကျေးရွာသည် မောင်တောမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး အိမ်ခြေ ၁၈၆ အိမ်ခြေရှိသည့် မြိုလူမျိုးများနေထိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး တောင်ယာလုပ်ငန်းနှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်နေသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ခုံတိုင်ကျေးရွာက စစ်မှုထမ်းရန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ဦးကို ခေါ် ယူရန် အာရက္ခတပ်တော် AA က စီစဉ်ထားပြီး ရွာသူရွာသားများက တားဆီးမှုကြောင့် ၁၇ ဦးကိုသာ ခေါ်ယူသွားနိုင်ခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲလောက်မှာ အင်အား ၁၀၀ ကျော်လောက်နဲ့ AA က ဝိုင်းပါတယ်။ စစ်မှုထမ်း ၄၅ ဦးခေါ်ယူမယ်ပြောပါတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် ခေါ်တဲ့အချိန်မှာ ရွာသူရွာသားတွေက လိုက်လံတားဆီးမှုကြောင့် AA တပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ လူ ၂၀ ကို ကားပေါ်တင်သွားတယ်။ အဲဒီအထဲက ကလေးငယ် မိခင် ၃ ဦးကို ပြန်ဆွဲယူလို့ ရလိုက်တယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသား ၃ ဦးအပါအဝင် ၁၇ ဦးကို အတင်းအဓမ္မခေါ်သွားပါတယ်။ ည ၉ နာရီကျော်လောက်မှာ ပြန်သွားကြပါတယ်” ဟု ပြောသည်။

စစ်မှုထမ်းရန် ခေါ်ဆောင်ခံယူရသည့် ၁၇ ဦးထဲတွင် အသက် ၂၀ ကျော်အရွယ်ရှိ ကိုယ်ဝန် ၃ လခန့်ရှိသော အမျိုးသမီး မထီဒေါင်၊ အသက် ၁၄ နှစ်အရွယ် မကော်နာလ်နှင့် အသက် ၁၆ နှစ်အရွယ် အမျိုးသား ကလေးငယ်တစ်ဦး ပါဝင်သွားခြင်းဖြစ်သည်။

“မထီဒေါင်မှာက စေ့ထားတဲ့ သူ့အမျိုးသားရှိတယ်။ မင်္ဂလာဆောင် မဆောင်ရသေးဘူး။ ဒါပေမဲ့ သူ့မှာ ကိုယ်ဝန်လွယ်ထားတယ်။ ရွာသားတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်တယ်ဆိုတာကို AA တပ်ဖွဲ့ဝင်တွေကို ပြောပေမဲ့ မယုံကြဘူး။ အတင်းခေါ်သွားကြတယ်။ သူ့အမျိုးသားကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ထွက်ပြေးသွားလို့ လွတ်မြောက်သွားတယ်” ဟု အဆိုပါ ရွာသားက ပြောသည်။

အာရက္ခတပ်တော် AA မှ ခုံတိုင်ကျေးရွာက စစ်မှုထမ်းနိုင်သော အရွယ် အမျိုးသား၊ အမျိုးသမီးများကို အတင်းအဓမ္မ ခေါ်ယူနေချိန်မှာ အမျိုးသားအများစုက ထွက်ပြေးလွတ်မြောက်သွားကြပြီး ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ရွာထဲသို့ ပြန်လည် ဝင်ရောက်နေထိုင်ခြင်းမရှိဘဲ ရွာကို ပြန်မလာရဲတော့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA ၏ စစ်မှုထမ်းခေါ်ဆောင်မှုကြောင့် ခုံတိုင်ကျေးရွာက အမျိုးသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တောတောင်များတွင် ပုန်းခိုနေရကြောင်းလည်း သိရသည်။

ခုံတိုင်ကျေးရွာနှင့် ကပ်လျှက် စစ်ကောင်စီ စခန်းချထားခဲ့သော နေရာတွင် အာရက္ခတပ်တော် AA ၏ နယ်မြေမှူးရုံးရှိပြီး အဆိုပါရုံးမှ မသိဘဲ ကြိမ်ချောင်းဌာနချုပ်မှ နိုင်ငံရေးမှူး ဦးအောင်ပေါ်၏ အမိန့်ဖြင့် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ခုံတိုင်ကျေးရွာက အမျိုးသမီးများမှာ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ရွာအနီးရှိ နယ်မြေမှူးရုံးအား ကျေးရွာသားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ သွားရောက်ဆန္ဒပြပြီး ဖမ်းဆီးခေါ်ဆောင်သွားသော လူ ၁၇ ဦးအား ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ခုန်တိုင်ကျေးရွာ နောက်ထပ် ကျေးရွာသားတစ်ဦးက “ခုံတိုင်ကျေးရွာ အထွက်မှာ နယ်မြေမှူးရုံးရှိတယ်။ အဲဒီရုံးကတောင် အခု ဖမ်းဆီးတဲ့ ဖြစ်စဉ်ကို မသိဘူးလို့ ပြောတယ်။ ကြိမ်ချောင်းဌာနချုပ်က နိုင်ငံရေးမှူး ဦးအောင်ပေါ် အမိန့်နဲ့ လာဖမ်းကြတယ်လို့ သိရတယ်။ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ နိုင်ငံရေးမှူးက ငါတို့ထက် ကြီးတယ်ဆိုပြီး ငြင်းဆိုပြီးတော့ လွှတ်လိုက်တယ်” ဟု ပြောသည်။

ယင်းကဲ့သို့နယ်မြေမှူးရုံးရှေ့ ဆန္ဒဖော်ထုတ်ကြသည့် ခုန်တိုင်ရွာသားများအား လူစုခွဲရန် နယ်မြေမှူးသည် သေနတ် ၃ ချက်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း ကျေးရွာသားက ပြန်လည်ပြောဆိုသည်။

“နေ့လယ် ၁ နာရီလောက်မှာ ကြိမ်းချောင်းဌာနချုပ်က တာဝန်ရှိသူတွေ ရောက်လာတယ်။ ဆန္ဒဖော်ထုတ်တဲ့သူတွေက ဗီဒီယိုတွေရိုက်ထားတော့ အဲဒီဖိုင်တွေ အွန်လိုင်းပေါ်တင်ရင် ရွာသူရွာသားတွေကို ထပ်မံဖမ်းဆီးမယ်လို့ အမိန့်လာပေးတယ်။ ရွာထဲက သူတို့သိတဲ့ လူ ၅ ဦးစာရင်းကို မှတ်ယူသွားပြီး ဗီဒီယိုဖိုင်တွေနဲ့ ဒီသတင်းတွေကို အွန်လိုင်းပေါ် မတင်ဖို့ ခြိမ်းခြောက်သွားပါတယ်။ အွန်လိုင်းပေါ်တင်ရင် ဒီလူတွေကို ဖမ်းမယ်ပြောသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ခုံတိုင်ကျေးရွာသားများမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြိမ်ချောင်းဌာနချုပ်ထိ သွားရောက်ပြီး နိုင်ငံရေးမှူးအား အကျိုးအကြောင်းပြောပြကာ ဖမ်းဆီးသွားသော လူ ၁၇ ဦးအား ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

သို့သော်လည်း နိုင်ငံရေးမှူး ဦးအောင်ပေါ်မှာ ပြန်မလွှတ်ပေးသည့်အပြင် ဖမ်းချင်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောပြီး ရွာသားများအား ပြန်လွှတ်လိုက်သည်ဟု သိရသည်။

ကြိမ်ချောင်းဌာနချုပ်မှ နိုင်ငံရေးမှူး ဦးအောင်ပေါ်မှာ မောင်တောမြို့နယ် မြောက်ပိုင်းဒေသ နိုင်ငံရေးမှူးဖြစ်ကြောင်း စုံစမ်းသိရသည်။

ယခုကဲ့သို့ ကာယကံရှင် ဆန္ဒမပါဘဲ အရပ်သားပြည်သူများအား လက်လွတ်စပယ် ဖမ်းဆီးနေခြင်းမှာ အာရက္ခတပ်တော် AA ၏ ဗဟိုအဆင့် တာဝန်ရှိသူများမှ ညွှန်ကြားချက်ကြောင့် ဖမ်းဆီးခြင်းလား၊ အထက်အမိန့်မပါဘဲ အောက်ခြေမှ တာဝန်ရှိသူများက ဖမ်းဆီးနေခြင်းလားအပေါ် ခုန်တိုင်ကျေးရွာသားများမှာ စိုးရိမ်စိတ်များဖြင့် ဝေခွဲမရ ဖြစ်နေကြသည်။

အာရက္ခတပ်တော် AA ၏ ပြည်သူ့စစ်မှုထမ်း ခေါ်ဆိုမှုကြောင့် ယခု ၁၇ ဦး ဖမ်းဆီးသည့် ဖြစ်စဉ်မတိုင်မီ ခုံတိုင်ကျေးရွာမှ ၆ ဦးတစ်ဖြတ်နှင့် ၅ ဦးတစ်ဖြတ် စုစုပေါင်း ၁၁ ဦးအား ပြည်သူ့ စစ်မှုထမ်းများအတွက် ပေးဆောင်ထားပြီးပြီဟု သိရသည်။

“ပထမ တစ်ခေါက် ၆ ဦးနဲ့ ဒုတိယ ၅ ဦး စုစုပေါင်း ၁၁ ဦးကို ပြည်သူ့စစ်မှုထမ်း ပေးထားပြီးပါပြီ။ အများစုက နယ်စပ် မိုင်တိုင်တွေမှာ တာဝန်ပေးခံထားရလို့ အခုထိ ရွာကို ပြန်မရောက်နိုင်တဲ့သူတွေရှိကြတယ်။ ၄ ယောက်လောက်ပဲ ရွာထဲ ပြန်လာရတယ်။ အခု ၁၇ ဦး ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်မှာလည်း အဲဒီ ပြည်သူ့စစ်မှုထမ်းတွေက ရွာထဲမှာ ရှိတယ်ဆိုပေမယ့် ဘာမှ မတတ်နိုင်ကြဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA က ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူနေခြင်းအပေါ် အဆိုပါ ရွာသားက ယခုလို ဝေဖန်ထားသည်။

“ကျနော်တို့က အပွင့်လင်းဆုံးပြောရရင် အာရက္ခတပ်တော်နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းပါတင်ပြီးသားပါ။ ဒါတွေက ပြောစရာလည်း မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ပြည်သူပြည်သားတွေအပေါ်မှာ ဒီလိုမျိုး အဲဒီနေ့ကဆို ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ လုံးဝကို ကမ္ဘာကြီးပျက်သွားသလို ခံစားရတယ်။ အဲကြောင့်မိုလို့ ဒီမျိုး အာဏာရှင် ဆန်ဆန် မျိုး မလုပ်စေချင်ဘူးဗျ။ ဒါက အဖွဲ့အစည်း တစ်ခုလုံးကို မဆိုလိုဘူး။ ဒါ လုပ်တဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာပဲ ပြောလိုတာပါ။ ဘယ်သူ လူတစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ် ပြည်သူလူထုကို ပြည်သူလူထုလိုပဲ သဘောထားရမယ်။ ဆက်ဆံရမယ်။ ကျနော်တို့က ပူးပေါင်းပါဝင်ရမယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် အသက် မပြည့်သေးတဲ့ ကလေးတွေကို ခေါ်သွားတာက မသင့်တော်ဘူး” ဟု ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများမှ အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၁ ဦးကို ပြည်သူ့စစ်အတွက် အာရက္ခတပ်တော် AA က ဖမ်းဆီးသွားသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။

အဆိုပါ ဖြစ်စဉ်ကိုလည်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဝန်ခံထားပြီး ယင်းကဲ့သို့ ပြည်သူ့စစ်ခေါ်ယူခြင်းမှာ ကိုယ့်ရပ်ရွာဒေသကို ကာကွယ်နိုင်ရေးအတွက် လုံခြုံရေးသင်ပေးရန် ခေါ်ယူခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် အာဏာသိမ်း စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သော်လည်း စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်များ အကြမ်းဖက် သောင်းကျန်းမှုများကြောင့် အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူများအား ရပ်ရွာများအား ကာကွယ်နိုင်စေရန် လုံခြုံရေးသင်တန်းပေးလျှက်ရှိကြောင်း သိရသည်။

သိမ်းပိုက်ရရှိထားသော မြို့များကို ကာကွယ်စောင့်ရှောက်ရန် အာရက္ခတပ်တော် AA တွင် လူအင်အား အများအပြားလိုအပ်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်ဒေသတို့က လူငယ်အများအပြားကို စစ်မှုထမ်းရန် ခေါ်ယူမှုရှိခဲ့ကြောင်း Western News က စုံစမ်းရရှိထားသည်။

ရခိုင်ပြည်ကနေ ရန်ကုန်မြို့သို့ သွားရောက်ကြသည့် အမျိုးသား၊ အမျိုးသမီးအပါအဝင် ရခိုင်လူငယ် ၅၀ ကျော်ကိုလည်း အမ်းမြို့နယ်တစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းကာ စစ်မှုထမ်းရန် ခေါ်ယူသွားကြောင်း မိသားစုဝင်များက Western News ကို ပြောဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ