ချင်းပြည်အတွင်းမှာ ချင်းညီနောင်အဖွဲ့များဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် အာရက္ခတပ်တော် AA နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီ Chinland Council က တရားဝင် စာပေးပို့ထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်တွင် ကျင်းပခဲ့သည့် ချင်းလဲန်းကောင်စီ တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းလဲန်းကောင်စီ အတွင်းရေးမှူး Salai Paul က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ချင်းပြည်အတွင်း အခြေကုတ်ယူထားသည့် နေရာများ၊ တပ်စခန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာများကို သိရှိနိုင်ရန် AA နှင့် ဆွေးနွေးနိုင်ရေးအတွက် ချင်းလဲန်းကောင်စီက တရားဝင်စာပေးပို့ထားကြောင်း Salai Paul က ပြောသည်။
“ကျနော်တို့ အဖိနှိပ်ခံလူမျိုး တိုင်းရင်းသားအချင်းချင်း အနီးစပ်ဆုံးပြောရင် ကျနော်တို့ ချင်းနဲ့ ရခိုင်ဆိုတာ ပထဝီနယ်မြေအရရော ထိစပ်နေတဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ ကျနော်တို့ အပြန်အလှန် စစ်ရေးအရ ကူညီလို့ရတယ်။ ပံ့ပိုးလို့ရတယ်။ လိုအပ်တဲ့ဟာတွေကို ကျနော်တို့နှစ်ဖွဲ့ ပူးပေါင်းလို့ ရနိုင်တဲ့ဟာတွေ အများကြီးရှိပါတယ်။ သို့သော်လည်း ကျနော်တို့ကို ရှင်းလင်းပြတ်သားတဲ့ သူတို့ရဲ့ မဟာဗျူဟာတွေ၊ ဘယ်လိုကြောင့်မို့လို့ ဝင်ရောက် အခြေကုတ်ယူသလဲ။ ဘယ်လိုမျိုးကြောင့်မို့လို့ ဒီနေရာတွေ စခန်းကို သိမ်းပြီးတော့ အခြေချရသလဲဆိုတဲ့ဟာတွေက ကျနော်တို့ ဆွေးနွေးမယ့် နေရာကို ဘယ်လိုမျိုး ဆွေးနွေးရမလဲဆိုတဲ့ အထိုင်က မသိတဲ့အခါကျတော့ ကျနော်တို့အတွက် ဒွိဟ တစ်ခု ဖြစ်စေတာပေါ့လေ။ ကျနော်တို့ ချင်းလဲန်းကောင်စီအနေနဲ့က ULA/AA နဲ့ အမြဲတမ်း တွေ့ဆုံဆွေးနွေးလိုပါတယ်။ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း ကျနော်တို့ တရားဝင် စာပေးပို့ထားတာလည်း ရှိပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကို စစ်ကောင်စီ ကင်းစင်အောင် တိုက်ခိုက်သိမ်းပိုက်ထားခြင်းနှင့် ချင်းညီနောင်အဖွဲ့များဖြင့် စစ်ရေးပူးပေါင်းကာ ချင်းပြည်အတွင်းမှာ အခြေကုတ်တပ်စခန်းများ ထားရှိထားသည့်အတွက် ချင်းလဲန်းကောင်စီအနေဖြင့် ULA/AA ၏ ရှင်းလင်းပြတ်သားသော မဟာဗျူဟာများကို သိရှိလိုနေကြခြင်းဖြစ်သည်။
ချင်းပြည်အတွင်းမှာ အာရက္ခတပ်တော် အနေဖြင့် စစ်ရေးလှုပ်ရှားနေခြင်းသည် ယခုမှ မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုခန့်ရှိကြောင်းလည်း ချင်းလဲန်းကောင်စီက ပြောသည်။
အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးအချင်းချင်း ရခိုင်လူမျိုးများ လွတ်မြောက်ရန် အာရက္ခတပ်တော် AA က ချင်းပြည်အတွင်းမှာ ဝင်ရောက်လှုပ်ရှားနေခြင်းကို အထူးတလည် ပြောစရာမလိုဘဲ နားလည်သော်လည်း မည်သည့်အချိန်အတိုင်းအတာအထိ ရှိနေမည်ဆိုသည်ကို သိရှိလိုသည်ဟု ချင်းလဲန်းကောင်စီ အတွင်းရေးမှူး Salai Paul က ပြောသည်။
“အခုက ဝင်ရောက်လှုပ်ရှားတယ်ဆိုတာထက် ဝင်ရောက် တပ်စွဲပြီးတော့ တပ်စခန်းတွေ တည်ဆောက်တဲ့ဟာတွေ တချို့ယန္တရားတွေ တည်ဆောက်တဲ့ဟာမျိုးတွေ ရှိလာတဲ့အပိုင်းတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ မတူပီမှာဆိုရင်လည်း သိမ်းပိုက်တယ်။ အခုအချိန်အထိ တပ်အထိုင်တွေ ရှိထားတယ်။ ဒါလည်း စစ်ရေးအရ လိုအပ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော် ဘယ်မျိုး စစ်ရေးလိုအပ်ချက်အရ ရှိသလဲ။ ဘယ်လောက်အချိန်အတိုင်းအတာအထိ တပ်စခန်းချမလဲဆိုတဲ့ အပေါ်မှာတော့ ကျနော်တို့ ဒေသခံတွေရော၊ ကျနော်တို့ကရော ဝေဝါးနေတဲ့ မေးခွန်းတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
ချင်းလဲန်းကောင်စီနှင့် ULA/AA တို့သည့် ညှိနှိုင်းတိုင်းပင် ဆွေးနွေးလို့ရသည့် အခိုက်အတန့်ဖြစ်ကြောင်းလည်း ချင်းလဲန်းကောင်စီက ပြောသည်။
အာရက္ခတပ်တော် AA သည် ချင်းလဲန်းကောင်စီ လက်မခံသော ချင်းညီနောင်အဖွဲ့နှင့် ခိုက်မာသော မဟာမိတ်ဆက်ဆံရေး ရှိကြောင်းသိရသည်။
ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားအဖွဲချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)CDF-Kanpalet၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) CDF-Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) တို့ ပါဝင်ကြသည်။
အဆိုပါ ချင်းညီနောင်အဖွဲ့သည် ချင်းပြည်နယ်မှာ မြို့ ၉ မြို့ရှိသည့်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသည့် မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီး အာရက္ခတပ်တော် AA က ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသည်။
ချင်းလဲန်းကောင်စီက တွန်းဇံမြို့ကို သိမ်းပိုက်ထားပြီး နောက်ထပ် ကျန်ရှိနေသည့် မြို့ ၄ မြို့ထဲက ဖလမ်းမြို့နယ်ကို ချင်းညီနောင်အဖွဲ့က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟားခါးနှင့် ထန်တလန်မြို့နယ်ကို ချင်းလဲန်းကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
နောက်ဆုံးကျန်ရှိနေသော တီးတိန်မြို့နယ်မှာ စစ်ဘေးက ကင်းလွတ်နေသေးကြောင်းလည်း သိရသည်။