ရခိုင်ပြည် စစ်တွေမြို့ရှိ SS Food Center စားသောက်ဆိုင် အနောက်ဘက်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စစ်ကောင်စီခန့် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ၎င်း၏ ဇနီးတို့သည် နံနက်စာ စားနေစဉ် ထွက်ပြေးခဲ့ရကြောင်း ပြည်တော်သာ ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။
“ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီကျော်လောက်က SS စားသောက်ဆိုင်ရဲ့ အနောက်ဘက်မှာ ဆိုင်နဲ့ ကပ်လျှက် လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲပါတယ်။ ဘယ်သူ ပစ်ခတ်တယ်ဆိုတာ မသိရပေမယ့် ဆိုင်ရဲ့ အနောက်ဘက်ခြမ်းကနေ လာတယ်လို့ သိရတယ်။ အဲဒီဆိုင်မှာ နယ်လုံဝန်ကြီးနဲ့ ဇနီးတို့လည်း နံနက်စာ စားနေကြတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးက ကျရောက်ပေါက်ကွဲတာပါ။ နယ်လုံဝန်ကြီးမှာ သူ့ဇနီးကို လက်ဖျားဆွဲပြီး အတင်းထွက်ပြေးသွားပါတယ်” ဟု ပြည်တော်သာ ရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လက်နက်ကြီးမှာ အာရက္ခတပ်တော် AA က ပစ်ခတ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်နက်ကြီးမှာ စစ်ကောင်စီရေတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက သုံးသပ်ပြောသည်။
“လက်နက်ကြီးက AA က ပစ်ခတ်တာလို့ ပြောနေကြတယ်။ မဟုတ်လောက်ဘူးထင်တာပဲ။ စစ်တွေဟိုတယ်အနီးမှာရှိတဲ့ စစ်ကောင်စီရေတပ်စခန်းကနေ ပစ်ခတ်တာ ဖြစ်နိုင်ပါတယ်။ လက်နက်ကြီးက စားသောက်ဆိုင်ရဲ့ အနောက်ဘက်ခြမ်းကနေ လာတာဆိုတော့။ လက်နက်ကြီးက ပစ်ခတ်မှု မအောင်မြင်တာလည်း ဖြစ်နိုင်ပါတယ်။ ပေါက်တောဒေသဘက်ကို ပစ်ခတ်တာ ဖြစ်နိုင်ပါတယ်။ အရင်လည်း ရေတပ်က ပေါက်တောဒေသဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြဆိုတော့လေ” ဟု ပြောသည်။
SS Food Center စားသောက်ဆိုင်သည် စစ်တွေမြို့ ရှုခင်းသာလမ်း (ကမ်းနားလမ်း) တွင် တည်ရှိပြီး စားသောက်ဆိုင်သည် ကုလားတန်မြစ်ကမ်းဘက်သို့ မျက်နှာမူထားကာ မြစ်ကမ်းတစ်ဖက်တွင် ပေါက်တောမြို့နယ်ဖြစ်သည်။
အခြားတစ်ဖက်တွင် SS Food Center စားသောက်ဆိုင်သည် စစ်ကောင်စီရေတပ်စခန်းနှင့်လည်း မဝေးသော နေရာတွင်တည်ရှိသည်။
လက်နက်ကြီးမှာ စားသောက်ဆိုင်၏ အနောက်ဘက် ရေအိုင်တွင် ကျရောက်သွားခြင်းကြောင့် လူအထိအခိုက်မရှိကြောင်းလည်း နောက်ထပ် မျက်မြင် ပြည်တော်သာ ရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးက ရေထဲ ထိုးကျသွားတာ။ လက်နက်ကြီးလာကတည်းက SS စားသောက်ဆိုင်ဟာ တုန်ခါနေတယ်။ ရေထဲကျသွားချိန်မှာလည်း ပေါက်ကွဲသံနဲ့အတူ မီးခိုးငွေ့တွေ ထွက်လာတယ်။ လူတွေတော့ အထိအခိုက်မရှိဘူး။ ဒါပေမယ့် SS စားသောက်ဆိုင်ရဲ့ မှန်တွေ နည်းနည်း အက်ကွဲသွားတာရှိတယ်။ ပေါက်ကွဲသံကြောင့်လား၊ လက်နက်ကြီးစ ထိမှန်တာကြောင့်လားတော့ မသိဘူး” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညကစ၍ စစ်တွေမြို့အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထိုးစစ်ကို စတင်ခဲ့သည်။
စစ်ကောင်စီတပ်စခန်းများကလည်း အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်။
အာရက္ခတပ်တော် AA ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများဖြင့် ပြန်အလှန် စနိုက်ပါပစ်ခတ်မှုများ နေ့စဉ်ရှိသည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် စစ်တွေမြို့အတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း သိရသည်။
စစ်တွေမြို့တွင် ကျင်းပမည့် စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားကို ဖိုးသားရွာရပ်ကွက်ရှိ ဓညဝတီအားကစားကွင်းတွင် ပြုလုပ်ပြင်ဆင်ထားကြောင်း မြို့ခံများက ပြောသည်။