ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းထဲက စစ်ကောင်စီ၏ ကာကင်းစခန်းအပါအဝင် တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။
မကွေးတိုင်း ငဖဲမြို့နယ်ထဲက စစ်ကောင်စီ၏ မထုံးစခန်း၊ အထက်တုံးကြီးနှင့် အောက်တုံးကြီး စခန်းတို့ကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မကွေးတိုင်း ပဒါန်း-အမ်း လမ်းမှာရှိတဲ့ မထုံး၊ အထက်တုံးကြီး၊ အောက်တုံးကြီး စတဲ့ တပ်စခန်း ၃ ခုကို AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ တစ်ပြိုင်တည်း တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီစခန်းတွေဟာ စစ်ကောင်စီရဲ့ ကာကင်းစခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကာကင်းစခန်းကြီးမှာ နတ်ရေကန်ဗျူဟာခစန်းနဲ့လည်း နီးပြီး တိုက်ပွဲအတွင်း ဆုတ်ခွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နေရေကန်ဘက်သို့ တပ်ဆုတ်ခွာကြောင်း သိရသည်။
ယင်းအပြင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့သည် ပဲခူးတိုင်း ဥသျှစ်ပင်-တောင်ကုတ် လမ်းပေါ်က ပန်းကန်ကွဲတပ်စခန်းကိုလည်း ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။



ယင်းတိုက်ပွဲများအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဖက်က အထိနာနေကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ပန်းကန်ကွဲတပ်စခန်း တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီသည် ဥသျှစ်ပင်မြို့အနီးရှိ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ခဲယမ်းများနှင့်အတူ အင်အားအများအပြား စေလွှတ်နေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်နေကြောင်း သိရသည်။
AA ပူးပေါင်းတပ်ဖွဲ့သည် ဧရာဝတီတိုင်းထဲက မကျီးဇင်ဒေသကို သိမ်းပိုက်ထားသလို ငသိုင်းချောင်းမြို့အနီးက အမှတ် ၃၄၄ အမြောက်တပ်ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်း ပဒါန်း-အမ်းလမ်းက ကံမြင့်ကန်တပ်စခန်းသိမ်းတိုက်ပွဲအတွင် စစ်ကောင်စီ၏ အမှတ် ၉၉ ခြေမြန်တပ်မဌာနလက်အောက်ခံ နည်းဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က အရှင်လက်ရ ဖမ်းဆီးထားသည်။
အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ မိုးထိတောင်တပ်စခန်းအပါအဝင် ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။