အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်သည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီး နောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့ကြောင်း အတင်းဓမ္မ စစ်မှုထမ်း ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စစ်မှုထမ်းအပတ်စဉ်များကို စစ်ကောင်စီတပ်က ကြေညာခဲ့ပြီးနောက် နေ့ခင်းအချိန်တွင် အရပ်သားပြည်သူ ၁၁,၄၉၇ ဦးနှင့် ညအချိန်တွင် ၁,၁၅၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း (SRD) ၏ ထုတ်ပြန်က ဆိုသည်။
စစ်မှုထမ်းကို ရှောင်လွဲနိုင်ရန် အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အကြား လူငယ်၊ လူရွယ်များ တရားမဝင် နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မှုများ လုပ်ဆောင်လာရသောကြောင့် ပြည်ပတွင် မကြာခဏ ဖမ်းဆီးခံနေရသည်။
စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် ပြည်ပနိုင်ငံများသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အရပ်သားပြည်သူများသည် သက်ဆိုင်ရာနိုင်ငံများ၌ ဖမ်းဆီးခံခဲ့ရရာတွင် ထိုင်းနိုင်ငံတွင် ၃,၃၃၉ ဦး၊ မလေးရှားတွင် ၃၀၀ ဦး၊ အိန္ဒိယတွင် ၂၆ ဦး အပါအဝင် စုစုပေါင်း ၃,၆၆၅ ဦး ဖမ်းဆီးခံခဲ့ရသည်။



၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁,၄၃၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ရေလမ်းခရီး ဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ထိုင်းအာဏာပိုင်များမှ ပို့ဆောင်ခဲ့သည်။
ယင်းတို့ထဲမှ အရပ်သားပြည်သူ ၁၆၈ ဦးကို ကော့သောင်းအခြေ စိုက် ခမရ ၂၆၂ ၊ ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်း(တိုင်းဗဟို-၁၂)သို့ ပို့ဆောင်ပြီး စစ်သားအဖြစ် အဓမ္မစုဆောင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် လူဝင်မူကြီးကြပ် ရေးဥပဒေဖြင့် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၆ ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။