(စစ်ကောင်စီက မနေ့က လေကြောင်းတိုက်ခိုက်မှုဖြင့် အများဆုံးခုခံနေ)
အာရက္ခတပ်တော် AA ၏ ရခိုင်ပြည်မြို့တော် စစ်တွေမြို့သိမ်းတိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင် ယခင်ရက်များထက် ပိုပြင်းထန်ခဲ့ကြောင်း စစ်တွေမြို့ခံများက ပြောသည်။
AA နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမှာ ညနေ ၆ နာရီကျော်က စတင်ပြီး ၉ နာရီကျော်အချိန်တွင် ပစ်ခတ်သံများ ရပ်တန့်သွားကြောင်းနှင့် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်နာရီကျော်ကြာ ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်တွေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့ကညက တိုက်ပွဲက အရမ်းပြင်းပြင်းထန်ထန်ပဲ။ AA က အမြင့်ကျွန်းက စစ်ကောင်စီတပ်တွေကို လက်နက်ကြီးတွေနဲ့ အသားကုန်ပစ်တာ။ စစ်ကောင်စီတပ်ကလည်း ပြန်ပစ်တယ်။ ပေါက်ကွဲသံတွေဟာ စစ်တွေမြို့ကနေ ကြားရတယ်။ ည ၆ နာရီကျော်ကနေ ဖြစ်တာ ၉ နာရီကျော်လောက်မှ ရပ်တန့်သွားကြတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် လေကြောင်းကနေ တိုက်ပွဲဖြစ်ပွားရာ စစ်တွေ အမြင့်ကျွန်းအနီးတစ်ဝိုက်နှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာဒေသကို ဗုံးအလုံးရေ အများအပြားဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“အမြင့်ကျွန်း၊ ပါဒလိတ် ဘက်တွေက နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မြေပြင် ဧရိယာ ဖြစ်သွားပြီ။ AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများဆုံးနဲ့ ပြန်ခုခံနေတယ်။ မနေ့ကလည်း စစ်တွေမြို့အနီးနဲ့ ပေါက်တော သဲခုံဘက်ကို ဗုံးကြဲခဲ့တာ စစ်တွေကနေ လှမ်းမြင်နေရတယ်။ မီးလောင်ပေါက်ကွဲသံတွေဟာ ဆူညံနေတာပဲ။ အထိအခိုက်တော့ မသိရဘူး” ဟု ပြောသည်။



ဖေဖော်ဝါရီလ ၇ ရက်နေ့ ညက စတင်ခဲ့သည့် အာရက္ခတပ်တော် AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် ထိုးစစ်ဆင်တိုက်ခိုက်မှု ပြင်းထန်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးပစ်ခတ်မှု၊ စနိုက်ပါပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
AA ၏ လျှပ်တစ်ပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ထိခိုက်သေဆုံးမှုရှိကြောင်းနှင့် စစ်တပ်ထဲရှိ ကုတင် ၁၀၀ ဆေးရုံတွင် ဒဏ်ရာရရှိသူများဖြင့် ဆေးကုသနေကြကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်ထဲက ကုတင် ၁၀၀ ဆေးရုံမှာ ဒဏ်ရာရရှိသူ အပြည့်လို့ ပြောတယ်။ သေဆုံးသူတွေလည်း ရှိတယ်။ AA ရဲ့ တိုက်ခိုက်မှုကြောင့်ပေါ့။ အဓိက အမြင့်ကျွန်းနဲ့ ပါဒလိတ်ဖက်တွေက အထိအခိုက်များတယ်။ တိုက်ပွဲကတော့ ဒီထက် ပိုပြင်းထန်လာမယ်ထင်တာပဲ။ ဒေသခံတွေအနေနဲ့ တော်တော်လေးကို သတိထားရပါမယ်။ ရှောင်တိမ်းဖို့ ကြိုတင်ပြင်ဆင်မှု လုပ်ထားရမယ်။ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေကို အထူးဂရုစိုက်ရပါမယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် AA က စစ်တွေမြို့အား ကုန်းလမ်းမှ အလွယ်တကူ ဝင်မလာနိုင်ရေးအတွက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီ ပါဒလိပ် အမြောက်တပ်ရင်းမှ ၂၀၂၄ ဖေဖော်ဝါရီလက မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။
စစ်ကောင်စီသည် စစ်တွေမြို့အား မကျရှုံးစေရေးအတွက် စစ်တွေမြို့ ပတ်ပတ်လည်တွင် သဲထုပ်များဖြင့် ဘန်ကာများ ပြုလုပ်လျှက်ရှိထားသည့်အပြင် စစ်တွေမြို့ပတ်ပတ်လည်တွင်လည်း မိုင်းထောင်ထားခြင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက်ကို သံဆူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူး၊ ဧရာဝတိုင်းတို့နှင့် ထိစပ်နေသော ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့သိမ်းတိုက်ပွဲကိုလည်း တစ်ပြိုင်တည်း ဦးတည်တိုက်ခိုက်လာသည်။