Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော ဒေသကွက်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ကို ကာကွယ်ပေးထားသည့် ရေချမ်းပြင်တပ်၊ ပါဒလိတ်က တပ်ရင်းများနှင့် အမြင့်ကျွန်းက တပ်ရင်းများအနေဖြင့် တပ်ဆုတ်ခွင့် လုံးဝခွင့်မပြုကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်းနေသည့် ယခု ရက်ပိုင်းများတွင် စစ်ကောင်စီတပ်က အောက်ခြေ တပ်ရင်းများနှင့် တပ်စခန်းများကို ယင်းကဲ့သို့ တပ်ဆုတ်ခွင့် လုံးဝခွင့်မပြုကြောင်း စစ်တွေ ဒကစ အရာရှိများက အမိန့်ထုတ်ထားကြောင်း Western News က စုံစမ်းသိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ရေချမ်းပြင်ရွာက တပ်ရင်းများ၊ ပါဒလိတ်ရွာက တပ်ရင်းများနှင့် အမြင့်ကျွန်းရွာက တပ်ရင်းများကို အာရက္ခတပ်တော် AA သည် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စနိုက်ပါတိုက်ခိုက်ခြင်းတို့ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ၍ နေ့စဉ်တိုက်ခိုက်နေသည်။

ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနေသလို ရာနှင့်ချီသော တပ်ဖွဲ့ဝင်များမှာလည်း ဒဏ်ရာများ ရရှိထားပြီး လက်ရှိ စစ်တပ်ထဲက ကုတင် ၁၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း Western News က စုံစမ်းရရှိထားသည်။

“စစ်တွေမြို့အဝင် ကျောက်တန်း စစ်ဆေးရေးဂိတ်ကနေ တားဆီးထားတယ်။ အမြင့်ကျွန်းနဲ့၊ ပါဒလိတ်က တပ်ရင်းတွေ တပ်ဆုတ်ခွင့်မပေးဘူး။ ကျောက်တန်းဂိတ်က တပ်ဖွဲ့ဝင်တွေကိုလည်း စစ်တွေမြို့ထဲ ဝင်ခွင့်မပေးဘူး။ အဲဒီနေရာမှာပဲ နေပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံဆိုတဲ့သဘော။ ရေချမ်းပြင်ရွာက တပ်ရင်းက သူတွေလည်း စစ်တွေမြို့ထဲကို ဝင်ခွင့်မပေးဘူး။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ လုံးဝ သွားလာခွင့်မပေးတာ” ဟု ကျောက်တန်းဂိတ်က တပ်ဖွဲ့ဝင်တစ်ဦးနှင့် အဆက်အသွယ်ရသည့် စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ညနေ ၆ နာရီကျော်အချိန်တွင် အာရက္ခတပ်တော် AA သည် အမြင့်ကျွန်းနှင့် ပါဒလိတ်က တပ်ရင်းများကို လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများဖြင့် ပြန်လည်ခုခံခဲ့သည်။

အာရက္ခတပ်တော် AA သည် စစ်တွေမြို့အနီးက စစ်ကောင်စီတပ်ရင်းများကို အင်အားလုံးအရင်းဖြင့် သွားရောက် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ခြုံတိုက်ခိုက်ခြင်းများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

AA ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့် အမြင့်ကျွန်းနှင့် ကျောက်တန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ တပ်ဆုတ်ရန် လိုလားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“AA က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်း ဘယ်နားမှာရှိတယ်ဆိုတာကို သိတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေက အထင်းသား မြင်နေရတော့ AA ဟာ တစ်ခုချင်းစီကို လက်နက်ကြီးပစ်ခတ်တာ၊ စနိုက်ပါနဲ့ ပစ်ခတ်တာတွေ လွယ်လွယ်ကူကူ လုပ်နိုင်တယ်လေ။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြန်တိုက်ပေမယ့် AA က ဘယ်နားမှာရှိနေတယ်၊ ဘယ်မှာ တပ်စခန်းချထားတယ်ဆိုတာကို မသိနိုင်ဘူးလေ။ အဲတော့ ပြန်တိုက်ရတာက ထိရောက်မှုမရှိဘူး။ ကိုယ်ပဲကျတယ်။ သူမကျဘူး အဲလိုဖြစ်နေတာပေါ့။ ဒါ့ကြောင့် တပ်စခန်းအချို့က တပ်ဖွဲ့ဝင်တွေဟာ ပြန်ဆုတ်ခွာနေချင်ကြတယ်” ဟု ပြောသည်။

စစ်တွေမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်တင်လာနေပြီး အာဏာသိမ်း စစ်ကောင်စီကလည်း စစ်တွေက တပ်ရင်းတပ်စခန်းများကို အင်အားအများအပြား ဖြည့်တင်းခြင်းနှင့် စစ်တွေမြို့ထဲတွင် ယခင်ကထက် တိုးချထားကြောင်း ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်တော် AA က စစ်တွေမြို့အား ကုန်းလမ်းမှ အလွယ်တကူ ဝင်မလာနိုင်ရေးအတွက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီ ပါဒလိပ် အမြောက်တပ်ရင်းမှ ၂၀၂၄ ဖေဖော်ဝါရီလက မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား မကျရှုံးစေရေးအတွက် စစ်တွေမြို့ ပတ်ပတ်လည်တွင် သဲထုပ်များဖြင့် ဘန်ကာများ ပြုလုပ်လျှက်ရှိထားသည့်အပြင် စစ်တွေမြို့ပတ်ပတ်လည်တွင်လည်း မိုင်းထောင်ထားခြင်းနှင့် ရှုခင်းသာလမ်းတစ်လျှောက်ကို သံဆူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူး၊ ဧရာဝတိုင်းတို့နှင့် ထိစပ်နေသော ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့သိမ်းတိုက်ပွဲကိုလည်း တစ်ပြိုင်တည်း ဦးတည်တိုက်ခိုက်လာသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ