အာဏာသိမ်း စစ်ကောင်စီသည် ဒေသကွက်ကွဲမှုစစ်ဌာနချုပ် (စစ်တွေ) ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦး ဘုန်းတော်ကြီးကျောင်း ခြံဝန်းတွင် မွတ်ဆလင် ၁၂၀ ခန့်ကို အခြေခံ စစ်ပညာ သင်တန်းပေးနေသည်။
Western News က ရရှိထားသော သတင်းအရ အဆိုပါ မွတ်ဆလင်များသည် စစ်တွေမြို့နယ်က သဲချောင်း၊ သက္ကယ်ပြင်၊ ပလ္လင်ပြင်၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောငယ်၊ ဘုမေ စသည့် မွတ်ဆလင်ကျေးရွာများက ဖြစ်ကြောင်း သိရှိထားသည်။
ယခုတစ်ဖြတ် စစ်ကောင်စီ၏ စစ်သင်တန်းကို စစ်တွေ ဒကစ ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦးဘုန်းကြီးကျောင်းတို့မှာ အခြေခံ စစ်ပညာ သင်တန်းပေးနေခြင်း ဖြစ်ပြီး သင်တန်းသား ဦးရေ ၁၂၀ ခန့် ရှိကြောင်း သိရှိထားသည်။
နာရီကန်ကျေးရွာရှိ နာရီကန်တပ်ဦးဘုန်းတော်ကြီးကျောင်းတွင် မွတ်ဆလင်များကို ညအိပ်ထားရှိပြီး စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကို ပြောသည်။
“စစ်တွေ (ဒကစ) ရုံးချုပ်ရှေ့မှာ စစ်ကောင်စီရဲ့ လေ့ကျင့်ရေးကွင်းရှိတယ်။ အဲဒီကွင်းအနီးမှာ နာရီကန်တပ်ဦးဘုန်းကြီးကျောင်းရှိတယ်။ မွတ်ဆလင်တွေကို ဘုန်းတော်ကြီးမှာ ထားပြီး အနားက လေ့ကျင့်ရေးကွင်းမှာ စစ်သင်တန်းပေးနေတာဖြစ်ပါတယ်။ အရေအတွက်က ၁၂၀ လောက်ရှိမယ်လို့ သိရတယ်။ အသက်အရွယ်က ၁၈ နှစ်ကနေ ၅၀ အတွင်းရှိမယ်လို့ သိထားတယ်” ဟု ပြောသည်။
ဒကစ (စစ်တွေ) ရုံးချုပ်ခြံဝန်းသည် စစ်တွေမြို့အဝင် အထွက် ရေချမ်းပြင် လမ်းဆုံနှင့် နန္ဒဝန်ဥယျာဉ် ခြံဝန်းကြားတွင်ရှိပြီး လေ့ကျင့်ရေးကွင်းတွင် ရဟတ်ယာဉ်များ ဆင်းသက်၍ ရသည့်ကွင်း အနည်းဆုံး ၂ ခုရှိသည်။
စစ်တွေမြို့က စစ်ကောင်စီတပ်ရင်းများမှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီး နောက်ပိုင်းကတည်းက ရခိုင်ပြည်အတွင်း မွတ်ဆလင်များကို စုဆောင်းကာ စစ်သင်တန်း တောက်လျှောက်ပေးနေမှာ ယခုအချိန်အထိဖြစ်သည်။
Western News ၏ စုံစမ်းချက်အရ စစ်တွေမြို့တွင် မွတ်ဆလင် ၂၀၀၀ ကျော်ကို စစ်သင်တန်းပေးထားပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း ရာနှင့်ချီသော မွတ်ဆလင်များကို စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးနေခြင်းဖြစ်သည်။



မကြာသေးခင်ကလည်း စစ်တွေမြို့နယ်က စစ်ကောင်စီက စစ်သင်တန်းပေး မွတ်ဆလင်များကို ကို ရခိုပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များကိုလည်း စစ်သင်တန်းများပေးနေကြောင်း သိရသည်။
ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။
“ALP ရဲ့ အခြေခံစစ်ပညာသင်တန်းကို မင်းဂံက ဒေါ်စောမြရာဇာလင်းရဲ့ နေအိမ်ခြံဝန်းနဲ့ စက်ရုံစုရပ်ကွက်မှာရှိတဲ့ ဌာနချုပ်ရုံးခြံဝန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်းဂံက သင်တန်းမှာ မင်းဂံရပ်ကွက်က ခေါ်ထားတဲ့ ဒေသခံ အမျိုးသား၊ အမျိုးသမီးတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ၄၀ လောက်ရှိပါမယ်။ စက်ရုံစုဘက်မှာတော့ ၅၀ လောက်ရှိမယ်လို့ ပြောတယ်။ အခုလည်း ထပ်ပြီး လူစုနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီကလည်း ကျေကျေနပ်နပ်ကို ခွင့်ပြုထားတာပါ” ဟု ပြောသည်။
ALP ၏ အခြေခံစစ်ပညာသင်တန်း၌ သင်တန်းဆရာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအချို့ ပါဝင်ကြောင်းနှင့် လက်နက်အချို့ကိုလည်း စစ်ကောင်စီဘက်က ထောက်ပံ့ပေးထားကြောင်း သတင်းရင်းမြစ်က အခိုင်အမာ ပြောဆိုသည်။
ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၄ ခုကို အပြီးအပိုင်သိမ်းပိုက်ထားကာ မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိတော့သည်။
ယင်းသုံးမြို့ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး လက်ရှိ စစ်တွေမြို့ကို ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်နေသည်။