စစ်ရှောင်ပြည်သူ တစ်သောင်းခန့်ကို လက်ခံ ကျွေးမွေးစောင့်ရှောက်ထားသော စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းကို စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က ဧည့်စာရင်း နေ့တိုင်း ဝင်စစ်ဆေးနေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့တိုင်းဧည့်စာရင်း ဝင်ရောက် စစ်ဆေးနေ၍ စစ်ရှောင်ဒုက္ခသည်များနှင့် ဘုန်းတော်ကြီးများမှာ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ပြောဆိုနေကြသည်။
“စစ်တပ်နဲ့ ရဲတပ်ဝင်တွေဟာ ကားတွေနဲ့ စစ်ရှောင်တွေ လက်ခံထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို နေ့တိုင်းဧည့်စာရင်း လာရောက် စစ်ဆေးတာရှိပါတယ်။ ညနေ ၇ နာရီ ၈ နာရီလောက်ဆို လာပြီ။ သူတို့လာရင် ဒုက္ခသည်တွေက အရမ်းစိုးရိမ်နေကြတာ။ ဘာတွေဖြစ်မလဲ။ ဘာတွေလုပ်မလဲပေါ့။ ဘာအပြစ်မှ မလုပ်ထားရင်လည်း သူတို့လာရင် စိတ်က လုံခြုံမှု မခံစားရဘူးလေ။ မတရားဖမ်းဆီးခေါ်တာတွေ၊ ဖမ်းဆီးထောင်ချတာတွေရှိတော့ ပြည်သူတွေကလည်း ကြောက်ကြတာပေါ့” ဟု ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဧည့်စာရင်းကို ရိုးရိုးတန်းတန်း စစ်ဆေးခြင်းမဟုတ်ဘဲ အမေးအမြန်း ထူ စစ်ဆေးမှုများကြောင့် စစ်ရှောင်ပြည်သူများမှာ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အပြင် စိုးရိမ်တကြီးဖြင့် နေထိုင်ရကြောင်းလည်း အမည်မဖော်လိုသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမဆို သူတို့ (စစ်ကောင်စီတပ်) လာပြီဆိုရင် စိတ်ထဲမှာ အလိုလိုကို စိုးရိမ်စိတ်တွေ ပြည့်နေတာ။ ကျမ အမျိုးသားကို ဘယ်ကိုသွားတာလဲ၊ ဘယ်မှာလဲ ဘာတွေလုပ်လဲ၊ ဘာဖြစ်လို့ မရှိရတာလဲ စသဖြင့်မေးတော့ ဖြေရတာလဲ မောလှပြီ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေပါတယ်။ ဒီမှာမရှိဘူး ပြောလဲ လက်မခံဘူး။ ဧည့်စာရင်းစစ်တိုင်း အဲဒီမေးခွန်းပဲ မေးပါတယ်။ စိတ်အနှောက်အယှက် တော်တော်လေးကို ဖြစ်ရပါတယ်။ မယုံရင် ဖုန်းဆက်ကြည့်ပါ စိတ်မရှည်လို့ ဖုန်းနံပါတ်ကို ပေးထားလိုက်ပါတယ်။ သူတို့က အမျိုးသားတွေ၊ လူငယ်တွေဆို ဖမ်းဖို့၊ အမျိုးမျိုးပုဒ်မတွေတပ်ပြီး ဖမ်းမယ် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းမယ် အဲလိုတွေရှိတော့ နေရတာ ဘယ်လိုမှ အဆင်မပြေကြဘူး” ဟု ပြောသည်။
စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှာ စစ်ရှောင်နေကြသော ပြည်သူများမှာ လူပေါင်းရာနှင့်ချီ သတ်ဖြတ်ခံရပြီး ရာနှင့်ချီ ထောက်ချခံထားရသော ဗျိုင်းဖြူရွာသား အနည်းဆုံး ၄ ထောင်ခန့်ပါဝင်ကြောင်းနှင့် ကျန်စစ်ရှောင်များမှာ အခြားသော ကျေးရွာ ၂၀ ခန့်က ဒေသခံများဖြစ်သည်။
အဆိုပါ စစ်ရှောင်ပြည်သူများမှာ စစ်တွေမြို့အနီးအနားက ကျေးရွာများမှ ဒေသခံပြည်များဖြစ်ပြီး ၎င်းတို့အားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအဓမ္မနှင်ထုတ်ထား၍ စစ်တွေမြို့ထဲတွင် စစ်ရှောင်ဘဝဖြင့် ဖြစ်သလို နေထိုင်စားသောက်ကြရကြောင်း သိရသည်။
လက်ရှိတွင် စစ်တွေအနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ ပိုပြင်းထန်လာပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်အတွက် စစ်ရှောင်ပြည်သူများအပါအဝင် မြို့ခံပြည်သူများမှာ စိုးရိမ်ထိလန့်နေကြသည်။