Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ရခိုင်ပြည်၊ စစ်တွေမြို့နယ်အနီးမှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ Wai Han Aung

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေမြို့ထဲက စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်လူငယ်များအား စစ်မှုထမ်းခေါ်ယူရန် ပြည်နယ်အစိုးရကနေတစ်ဆင့် ပြင်ဆင်နေကြောင်း ဒုက္ခသည်များထံမှ သိရသည်။

စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းတွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ထားပြီး စစ်ဘေးဒုက္ခသည် အရေအတွက် ၁ သောင်းခန့်ရှိကြောင်း ကူညီစောင့်ရှောက်ပေးနေသူများက Western News ကို ပြောသည်။

ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ဧည့်စာရင်း စစ်ဆေးသည့် အဆင့်ထက် ကျော်လွန်ပြီး အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားများအား စာရင်းပြုစုကာ သီးသန့်ခေါ်ယူ တွေ့ဆုံခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဖေဖော်ဝါရီလ ပထမ အပတ်က စစ်တွေ ဓမ္မရာမဘုန်းကြီးကျောင်းကို စစ်တပ်နဲ့ ရဲဝင်စစ်တယ်။ အဲကျောင်းမှာ စစ်ရှောင် ၄၀၀ ကျော်ရှိတယ်။ အသက် ၁၄ နှစ်ကနေ ၄၅ နှစ်အတွင်းရှိတဲ့ အမျိုးသားတွေကို စာရင်းပြုစုပြီးတော့ သီးသန့်တွေ့ဆုံတာတွေရှိတယ်။ စစ်မှုထမ်းခေါ်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ပြောပြတယ်။ ကျန်းမာရေး ကောင်းမကောင်း မေးမြန်းတယ်။ ဘယ်တော့ ခေါ်မလဲဆိုတာ မပြောဘူး။ ပြင်ဆင်နေတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။

စစ်တွေရှိ မဏိရတနာ ဘုန်းတော်ကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး စစ်မှုထမ်းနိုင်သည့် အသက်အရွယ်ရှိ လူငယ်အမျိုးသားများကို စာရင်းပြုစုသွားကြောင်းနှင့် သရက်အုပ်ဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက် စစ်ဆေး စာရင်းပြုစုသွားကြောင်း သိရသည်။

အခြားသော စစ်ရှောင်များရှိရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရန် အစီအစဉ်ရှိနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ဒုက္ခသည်များအား စစ်မှုထမ်းခေါ်ယူရန် ပြင်ဆင်နေသည့်အပေါ် စစ်ဘေးရှောင်ဒုက္ခသည်များမှာ စိုးရိမ်နေကြသည်။

“စစ်ရှောင်စခန်းတွေက ယောကျ်ားတွေကို စစ်မှုထမ်းခေါ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတော့ ကျမ သားသမီးတွေအတွက် အရမ်းစိတ်ပူနေရပါတယ်။ အခုလောလောဆယ်တော့ ကျမတို့နေတဲ့ ကျောင်းကိုတော့ လာစစ်ဆေးတာ၊ စာရင်းပြုစုတာ မရှိသေးဘူး။ ကျမတို့က အိုးအိမ်ကိုစွန့်ပြီးတော့မှ အတိဒုက္ခရောက်နေရတဲ့ ဒုက္ခသည်တွေပါ။ ထမင်းနပ်မှန်အောင် မစားရတဲ့ အပူမီးတွေနဲ့ ပြည့်နေတာပါ။ အခု စစ်မှုထမ်း ကိစ္စ ပေါ်လာတော့ ဘယ်လိုပြောရမလဲ ပြောမပြတတ်အောင် စိုးရိမ်ပူပန်နေရပါတယ်။ ကျမတို့ကို လွတ်ငြိမ်းခွင့် ပေးဖို့ တောင်းဆိုပါတယ်” ဟု အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့အနီးက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း) စသည့် ကျေးရွာတို့မှ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရသည်။

ထို့အပြင် သင်းပုန်းတန်း၊ မောင်နီပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျေးတော၊ ရွှေပြည်သာ စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရပြီး စစ်တွေတွင် စစ်ရှောင်အဖြစ် နေထိုင်နေကြရသည်။

စစ်ရှောင်ပြည်သူများထဲမှ အမျိုးသားများကို စစ်မှုထမ်းခေါ်ယူရန် စစ်ကောင်စီ ပြင်ဆင်နေသည့် အစီအစဉ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း ပါဝင်ပတ်သက်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် စစ်တွေမြို့အနီး စစ်ကောင်စီ၏ အမြင့်ကျွန်းက တပ်စခန်းများ၊ ဒကစ ဌာနချုပ်အနီးက တပ်ရင်းများ၊ ပါဒလိပ်က တပ်ရင်းများ၊ ရေချမ်းပြင်က တပ်စခန်းများနှင့် ရွှေမင်းဂံရေတပ်စခန်းမှာ AA ၏ တိုက်ခိုက်မှုကို ခံနေရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ