Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - ပုံဟောင်း

အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော စစ်ကောင်စီတပ်သား ၃၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက အာရက္ခတပ်တော် AA သည် ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ် AA က ထပ်မံ၍ စစ်ဆေးရုံအား ဖေဖော်ဝါရီလ ၁၈ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ယင်းမှတစ်ဆင့် အသက်အန္တရာယ် အလွန်စိုးရိမ်ရသော စစ်ကောင်စီတပ်သား ၃၈ ဦးကို စစ်တွေပြည်သူ့ဆေးရုံးကြီးသို့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့က ဆေးရုံကြီးကို ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦးမှာ ဒီနေ့ မနက်က သေဆုံးသွားပါပြီ။ နောက်ထပ်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေ ရှိသေးတယ်လို့ သိရပါတယ်။ ရာထူး ဘယ်အဆင့်အထိ ပါတယ်ဆိုတာကိုတော့ မသိရဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA သည် စစ်တွေက စစ်ကောင်စီတပ်ရင်းများကို ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဒေသတို့က ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း အာရက္ခတပ်တော် AA ရှိသည့်နေရာများလည်း ပစ်ခတ်နေသည်။

စစ်တွေမြို့ခံ တစ်ဦးက “အခုရက်ပိုင်း စစ်ကောင်စီတပ်ရင်းတွေက အလုံးအရင်းနဲ့ စစ်အင်အားတွေ တိုးချဲ့နေတာတွေ လုပ်နေတယ်။ နောက်ပြီးတော့ ပြီးခဲ့ရက်ပိုင်းကလည်း စစ်တွေ လေကြောင်းကနေ စစ်အင်အားတွေ ထပ်ပို့နေတယ်ဆိုပြီးတော့ သတင်းရပါတယ်။ စစ်တွေမြို့အဝင်အထွက် ဂိတ်တွေကိုလည်း တပ်အင်းအားနဲ့ လက်နက်ခဲယမ်းတွေ ဒီရက်ပိုင်းမှာ ပို့နေတာတွေ ရှိတယ်”ဟုပြောသည်။

စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြန်လည် ပြုလုပ်နေကြောင်း သိရသည်။

စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ ၊ အင်ဂျင်နီယာတပ် အပါအဝင် အမြောက်တပ်၊ ရဲတပ်ရင်း ၁၀ ခုထက် မနည်းရှိနေသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီသည် ပေါက်တောမြို့နယ် သဲခုံကျေးရွာ၊ ပြိုင်းတောင်နှင့် ဆင်တက်မော် ကျေးရွာဒေသများကို လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

“နေ့လယ် ၁ နာရီကျော်လောက်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ နှစ်စီးဟာ ပေါက်တော ဆင်တက်မော်၊ သဲခုံဘက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်နေပါတယ်။ အရပ်သားတွေ ထိခိုက်လားမခိုက်လားတော့ မသိဘူး။ အပြန်အလှန် ပစ်ခတ်မှုက နေ့တိုင်းဖြစ်နေတယ်” ဟု ပြောသည်။

စစ်တွေမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်တင်လာပြီး စစ်ကောင်စီ၏ အချက်အခြာကျသော တပ်ရင်းများကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

AA ၏ လက်နက်ကြီးပစ်ခတ်၊ စနိုက်ပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များပြားလျှက်ရှိကြောင်း စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ