Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည် ပေါက်တောမြို့နယ်က ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အရပ်သားများ ထိခိုက်ဒဏ်ရာရသွားသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ - APM)

ရခိုင်ပြည် ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦး ရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၁ ဦးထဲတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇ ဦးတို့ဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးနှစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။

ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော်ကျေးရွာနှင့် ပေါက်တောမြို့ပေါ် တို့ကို စစ်ကောင်စီက Y12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်တောင်ကျေးရွာကို နေ့လယ် ၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၅ နှစ်အရွယ် မောင်အောင်ငြိမ်းနိုင်၊ အသက် ၁၂ နှစ်အရွယ် မခိုင်ဇင်လှိုင်နှင့် အသက် ၅၀ အရွယ် ဒေါ်မလုံးတို့မှာ သေဆုံးသွားရသည်။

ကျောက်တောင်ကျေးရွာက နောက်ထပ် အသက် ၆ နှစ်အရွယ် မပန်းအိနွယ်၊ အသက် ၂၃ နှစ်အရွယ် မဖြူဖြူဆန်း၊ အသက် ၂၄ နှစ်အရွယ် ကိုနေထွန်းလင်းနှင့် အသက် ၃၀ အရွယ် မနေစိုးမ တို့မှာ ဒဏ်ရာရရှိသွားကြသည်။

စစ်ကောင်စီက ငပြီကျွန်းဒေသကို နေ့လယ် ၁ နာရီ ၃၉ မိနစ်တွင် ဗုံး ၆ လုံးနှင့် ဆင်တက်မော် ဘော်ဒလီကျေးရွာကို ၁ နာရီ ၄၃ မိနစ်အချိန်တွင် ဗုံး ၆ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ဆင်တက်မော် ဘော်ဒလီကျေးရွာက အသက် ၃၉ အရွယ် ကိုကျော်ဇေယျ၊ အသက် ၄၁ နှစ်အရွယ် ဦးသန်းစိန်အောင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်စောသိန်းခိုင်၊ အသက် ၅၀ အရွယ် ဒေါ်သန်းနုအေးတို့မှာ ဒဏ်ရာရရှိသွားသည်။

အလားတူ ၁ နာရီ ၄၆ မိနစ်တွင်လည်း တောင်ချောင်ကျေးရွာကို ဗုံး ၆ လုံးနှင့် ၁ နာရီ ၄၈ မိနစ်တွင် ဆင်တက်မော် တောတန်းကျေးရွာကို ဗုံး ၆ လုံးဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ဆင်တက်မော် တောတန်းကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဆန်းမြတ်သူနှင့် အသက် ၆၂ နှစ်အရွယ် ဒေါ်ယဉ်သိန်းနုတို့မှာ ထိခိုက်ဒဏ်ရာရရှိသွားသည်။

ယင်းအပြင် ၁ နာရီ ၅၄ မိနစ်တွင် မညင်းကိုင်းကျေးရွာကို ဗုံး ၂ လုံးနှင့် ၁ နာရီ ၅၇ မိနစ်အချိန်တွင် ဆင်တက်မော် မွတ်ဆလင်ကျေးရွာကို ဗုံး ၃ လုံးဖြင့် စစ်ကောင်စီက ဆက်လက် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် မညင်းကိုင်းကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုကိုလင်းမှာ သေဆုံးသွားရပြီး အသက် ၈ နှစ်အရွယ် မောင်ဦးကိုဝင်း၊ အသက် ၁၄ နှစ်အရွယ် မဝေဝေစိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းသန်းအေးနှင့် အသက် ၄၅ နှစ်အရွယ် ဦးအောင်သာထွန်းတို့မှာ ဒဏ်ရာရသွားသည်။

ဆင်တက်မော် မွတ်ဆလင်ကျေးရွာကလည်း အသက် ၃၀ အရွယ် ဦးမာတာပေါက်မှာ ထိခိုက်ဒဏ်ရာရရှိသွားသည်။

ဆက်လက်ပြီး ၂ နာရီကျော်အချိန်တွင် မွတ်ဆလင်နေထိုင်ရာ အနောက်ရဲကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် မောင်ဝူဆမန်ဒါအန်ဂေါ်၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ရှော်ရီဘာယာဒူ တို့မှာ ဒဏ်ရာရရှိသွားသည်။

နောက်ထပ် ပေါက်တောမြို့နယ်က သဲခုံကျေးရွာ၊ ဆံတော်ရှင်ကျွန်း၊ ပိန္နဲချောင်းကျွန်း၊ တောင်ဦးမော် ကျေးရွာဒေသတို့ကို စစ်ကောင်စီက ဗုံး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ပေါက်တောမြို့ပေါ် ရပ်ကွက်များကိုလည်း ဗုံး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအား မသိရသေးပေ။

ယခု ဒဏ်ရာရရှိသွားသော အရပ်သား ၉ ဦးမှာ ဒဏ်ရာများပြင်းထန်၍ အရေးပေါ် ဆေးကုသမှု ခံယူလျှက်ရှိကြောင်းလည်း စုံစမ်းသိရသည်။

စစ်တွေဒေသခံတစ်ဦးက “မနေ့က ပေါက်တောမြို့နယ် ဗုံးကြဲခံရတာ စစ်တွေမြို့ပေါ်ကတောင် ကြားရတယ်။ ပေါက်ကွဲအား ဘယ်လောက်ထိ ပြင်းလဲဆိုတော့ မသိတော့ဘူး။ ဗုံးအလုံးအရေအတွက်ကလည်း အရမ်းများတော့ ဆက်တိုက်ဆိုသလို စစ်ကောင်စီက ကြဲချခဲ့တော့ ပေါက်တောဒေသတစ်ခုလုံးဟာ အရမ်းတုန်လှုပ်စရာ ကောင်းမှာပါ။ စစ်တွေမြို့ကတောင် ကြားရတော့ အဲဘက်ဒေသက ပြည်သူတွေ တော်တော်လေးကို စိုးရိမ်ကြမယ်ထင်ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့အနီးက စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေ၍ အာဏာသိမ်း စစ်ကောင်စီသည် AA ထိန်းချုပ်ရာ မြို့နယ်များကို အထူးသဖြင့် အရပ်သားများနေထိုင်ရာ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ