Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ နှစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၈ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၁၇ ဦးထက်မနည်းရှိသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလတွင် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူ ၉၂ ဦးသေဆုံးခဲ့ရပြီး ၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတွင် အရပ်သား ၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

အဆိုပါ စာရင်းသည် Western News ၏ မှတ်တမ်းစုစည်းချက်ဖြစ်ပြီး မြို့နယ်အတွင်းက ဒဏ်ရာ ရရှိသူများ စာရင်းသာ အနည်းငယ်သာ ကွဲလွှဲမှု ရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပေါက်တောမြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၁၇ ဦးအထိ ဒဏ်ရာရရှိခဲ့ကြသည်။

သေဆုံးသူများမှာ ကျောက်တောင်ရွာက မခိုင်ဇင်လှိုင် (၁၂ နှစ်)၊ ဒေါ်မလုံး (၅၀ နှစ်)၊ မောင်အောင်ငြိမ်းနိုင် (၅ နှစ်)နှင့် မညှင်းကိုင်းရွာက ကိုကိုလင်း (၂၄ နှစ်) တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ကျောက်တောင်ရွာက ကိုနေထွန်းလင်း (၂၄ နှစ်)၊ မဖြူဖြူဆန်း (၂၃ နှစ်)၊ မနေစိုးမ (၃၀ နှစ်)၊ မပန်းအိနွယ် (၆ နှစ်)နှင့် မညှင်းကိုင်းရွာက ဦးအောင်သာထွန်း (၄၅ နှစ်)၊ ဒေါ်သန်းသန်းအေး (၃၆ နှစ်)၊ မောင်ဦးကိုဝင်း (၈ နှစ်)၊ မဝေဝေစိုး (၁၄ နှစ်) တို့ဖြစ်သည်။

ဆင်တက်မော် (မူဆလင်)ရွာက ဦးမာတာပေါင် (၃၀ နှစ်)နှင့် အနောက်ရဲရွာက ဒေါ်ရှော်ရီဘာယာဒူ (၄၀ နှစ်)၊ မောင်ဝူဆမန်ဒါအန်ဂေါ်(၇ နှစ်) တို့လည်း သေဆုံးသွားခဲ့ရသည်။

ဆင်တက်မော် တောတန်းရွာက ဒေါ်ယဉ်သိန်းနု (၆၂ နှစ်)၊ ဦးဆန်းမြတ်သူ (၂၈ နှစ်)နှင့် ဆင်တက်မော် ဘော်ဒလီရွာက ဦးသန်းစိန်အောင် (၄၁ နှစ်)၊ ဒေါ်သန်းနုအေး (၅၀ နှစ်)၊ ဒေါ်စောသိန်းခိုင် (၄၅ နှစ်)နန့် ဦးကျော်ဇေယျ (၃၉ နှစ်) တို့လည်း သေဆုံးသွားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၃ ရက်တို့တွင်လည်း ဂွမြို့နယ် ကျိန္တလီဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် အပါအဝင် ၂ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့သည်။

သေဆုံးသွားသူများမှာ ကျိန္တလီမြို့ အမှတ် (၁) သဖန်းကွင်းရပ်ကွက်က အသက် ၃ နှစ် အရွယ် မောင်ဖြူလေးနှင့် အသက် ၄၀ အရွယ် ဒေါ်လှအေး တို့ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ အမှတ် (၁) သဖန်းကွင်းရပ်ကွက်မှ အသက် ၆၃ နှစ်အရွယ် ဦးတင်သိန်း၊ အသက် ၃၇ နှစ်အရွယ် ဦးမြင့်နိုင်၊ အသက် ၃၅ နှစ်အရွယ် ဦးလှတင်နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ညွန့်ညွန့်စန်း တို့ဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့အရပ်သား ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ဇန်နဝါရီလ ၃ ရက်တွင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ရပ်ကွက်က အသက် ၆၀ ကျော်အရွယ် ဒေါ်မသိန်းမာမှာ ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။

ဇန်နဝါရီလ ၄ ရက်တွင် ဂွမြို့နယ် ဆပ်သွားကျေးရွာကို စစ်ကောင်စီက ဗုံးနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိသွားသည်။

ဇန်နဝါရီလ ၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာအနီးကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရသည်။

ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ မွတ်ဆလင်များအပါအဝင် ကမန်လူမျိုးနှင့် အခြားအရပ်သား ၄၁ သေဆုံးကာ ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီး လူနေအိမ် ၄၀၀ ခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ရသည်။

ဇန်နဝါရီလ ၁၀ ရက်တွင် စစ်တွေမြို့ ပါဒလိပ်ကျေးရွာရှိ စစ်ကောင်စီ၏ တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်။

ဇန်နဝါရီလ ၁၁ ရက်တွင် ကျောက်တော်မြို့ထဲ ဗုံးအလုံး ၁၅ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့၍ AA က ထိပ်ပိုင်းခေါင်းဆောင်အချို့ အပါအဝင် အရပ်သား စုစုပေါင်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၈ ရက်တွင် မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသက စစ်သုံ့ပန်းများထားရှိရာနေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး၊ အမျိုးသမီးအပါအဝင် စစ်သုံ့ပန်း ၂၈ ဦးသေဆုံးသွားပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါ စစ်သုံ့ပန်းများသည် ပြန်လွှတ်ပေးရန် စီစဉ်ထားသော စစ်သုံ့ပန်းများဖြစ်ပြီး ယာယီထိန်းသိမ်းထားစဉ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် ထောင့်ချိန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁ ဦးသေဆုံးသွားပြီး ၂ ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

ကျောက်ဖြူမြို့အနီးတွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြသလို စစ်တွေမြို့အနီးတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

စစ်ရှုံးနေသော အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများနှင့် အများပြည်သူအဆောက်အဦးများ၊ ဆေးရုံဆေးခန်းများကို လေကြောင်းတိုက်ခိုက်မှု ရှိနေသည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် ဖုန်း၊ အင်တာနက်သုံးစွဲမှုများကို သတိထားသုံးစွဲကြရန် AA က တိုက်တွန်းထားသည်။

ယင်းအပြင် လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များကို အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများသည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ