Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် တစ်ခုလုံးနီးပါး ဗုံးကြဲတိုက်ခိုက်ခံလိုက်ရ၍ ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် အခြားသော မြို့နယ်များတွင်လည်း ဗုံးခိုကျင်းများ ပြန်လည် တူးဖော်နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီသည် ပေါက်တောမြို့နယ် ၁၂ ရွာထက်မနည်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး ဒဏ်ရာ ရရှိခဲ့မှု များပြားခဲ့ကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် ရသေ့တောင် ဒေသတို့တွင် ဒေသခံပြည်သူများမှာ ဗုံးခိုကျင်းများ ပြန်လည်တူးဖော်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

မြောက်ဦးဒေသခံတစ်ဦးက “ဗုံးခိုကျင်းကတော့ အရင်လည်း ရှိတာပေါ့နော်။ ဒါပေမယ့် မနေ့က ပေါက်တော ဖြစ်စဉ် ကြားပြီးနောက် ဗုံးခိုကျင်းမရှိတဲ့သူတွေလည်း ဗုံးခိုကျင်းတွေ တူးနေတာ တွေ့ရတယ်။ တချို့ကလည်း ဖျက်ပစ်တာ ရှိတယ်။ အခုတော့ ပြန်တူးနေကြတာပေါ့။ လေကြောင်းဗုံးကြဲတာက မထင်ရင်မထင်သလို့ ကြဲချနေတော့ အထူးဂရုစိုက်နေရပါတယ်” ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းက မြို့နယ်အများစုကို စစ်ကောင်စီ၏ လေယာဉ်များ နေ့စဉ်ဝဲပျံနေကြောင်းနှင့် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများနေထိုင်ရာ မြို့ရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

နောက်ထပ် ဒေသခံတစ်ဦးက “ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ အမြဲတမ်း နားစွန့်ထားတာ ကောင်းပါတယ်။ စစ်ကောင်စီ လေယာဉ်က မြို့နယ်တိုင်းလိုလိုမှာ ဝဲပျံနေတော့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါ။ စစ်ကောင်စီဟာ အရှုံးကို လက်မခံဘဲ AA နဲ့ ပြည်သူကြားမှာ ပြဿနာတွေဖြစ်လာအောင် ပြည်သူတွေကိုပဲ ဦးတည်ပစ်ခတ်နေတာဖြစ်တယ်” ဟု ပြောသည်။

ယခု ဖေဖော်ဝါရီလအတွင်းမှာ အာရက္ခတပ်တော် AA က စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကို အဓိက သုံး တိုက်ခိုက်နေသည်။

သို့သော်လည်း စစ်ကောင်စီ ပြန်လည်တိုက်ခိုက်သော ပစ်မှတ်များမှာ စစ်ရေးနှင့်မဆိုင်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို တိုက်ခိုက်နေ၍ အယုတ်မာဆုံး လုပ်ကို ကျူးလွန်နေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီဟာ အယုတ်မာဆုံး လုပ်ရပ်ကို ကျူးလွန်နေတာဖြစ်တယ်။ အကြမ်းဖက် လုပ်ရပ်ကို ပေါ်ပေါ်တင်တင် ကျူးလွန်နေတယ်။ စစ်ရေးနဲ့ ဘာမှမဆိုင်တဲ့ ပြည်သူတွေနေတဲ့ ရွာတွေကို ဗုံးကြဲနေတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်နေတာတွေကို နိုင်ငံတကာ ဖိအားပေးစေချင်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု လုပ်ထားကြပါ” ဟု ပြောသည်။

ယမန်နေ့ ပေါက်တောမြို့နယ် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့ရပြီး ၁၇ ဦးအထိ ဒဏ်ရာရရှိသွားသည်။

ယခု ၂၀၂၅ နှစ်လအတွင်းမှာ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်တွင် စစ်သုံ့ပန်းများအပါအဝင် အရပ်သားပြည်သူ ၉၈ ဦး သေဆုံးသွားခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၁၇ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ