Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားနေ)

အကျဉ်းသား၊ အကျဉ်းသူ ၁၁၀၀ ကျော်ရှိသော စစ်တွေ အကျဉ်းထောင်တွင် စစ်ကောင်စီက စစ်မှုထမ်း ခေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ အကျဉ်းသားများနှင့် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း စုံစမ်း သိရသည်။

စစ်တွေ အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အမှုရင်ဆိုင်နေရသော အကျဉ်းသားများ အမှုကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက စာရင်းကောက်ယူမှုများရှိနေကြောင်း Western News က စုံစမ်း သိရသည်။

စစ်တွေထောင်တွင် အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အကျဉ်းသားများ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှု ရှိကြောင်း မကြာသေးခင်က စစ်တွေမြို့နယ်သို့ ရုံးထုတ်လာသည့် တရားရင်ဆိုင်နေသူများက ပြောပြသည်။

“ရဲပြေး၊ စစ်ပြေးနဲ့ ထောင်ကျနေတဲ့ သူတွေကို စစ်တွေထောင်မှာ ထောင်ကျနေတာလည်း ရှိပါတယ်။ သူတို့ကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ခေါ်နေတာတွေကို ရှိနေတယ်။ ကျွန်တော်တို့ ထောင်သားတွေကို စစ်မှုထမ်းဖို့ အတွက် ပြင်ဆင်နေတာကို ထောင်ဝန်ထမ်းတွေကနေ တစ်ဆင့် သိရတယ်။ အပေးအယူနဲ့ လုပ်မယ်လို့ ပြောတယ်။ စစ်မှုထမ်းဖို့အတွက် သီးခြား ညွန်ကြားချက်တော့ မလာသေးဘူး။ ထောင်ဝန်ထမ်းတွေကနေတစ်ဆင့် စစ်မှုထမ်းဖို့ အတွက် အလားအလာရှိနေတဲ့ အကျဉ်းသားတွေကို စာရင်းယူထားတယ်လို့ပဲ ကြားထားတာပါ”ဟုပြောသည်။

ယင်းသို့ သတင်းများမှာ ထွက်ပေါ်လာနေမှုအပေါ် အကျဉ်းသူ၊ အကျဉ်းသားများမှာ စိုးရိမ်မှုများ မြင့်တက်လာနေပြီ ထောင်ပြောင်းခံရမှာကိုလည်း စိုးရိမ်နေကြကြောင်း စစ်တွေတရားရုံးသို့ ရုံးထုတ်သူတစ်ဦးက ပြောဆိုသည်။

တရားရင်ဆိုင်နေသူတစ်ဦးက “ထောင်ဒဏ် စီရင်ချက် ချပြီးသားသူတွေကို စစ်မှုထမ်းဖို့အတွက် အဓိက ပြောဆိုနေတာတွရှိတယ်။ လက်ရှိ တရားရင်ဆိုင်နေရသူတွေအတွက်တော့ သိပ်တော့ ပြောဆိုတာမရှိပါဘူး။ အကျဉ်းသားတွေက စီရင်ချက် ချပြီးသား အကျဉ်းသားတွေက သူတို့ အပိုင်ဖြစ်သွားပြီးပေါ့နော်။ တရားရုံးမှာ ရင်ဆိုင်ရသူတွေက သူတို့ အပိုင်မဟုတ်ဘူးပေါ့။ အချိန်မရွေး စစ်မှုထမ်းဖို့ ခေါ်ဆိုလို့ ရပါတယ်”ဟုပြောသည်။

စစ်တွေ အကျဉ်းထောင်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် အကျဉ်းသား ၂၀၀ ဝန်းကျင်လောက် ရှိပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (၂) က၊ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုခံထားရသူ ၁၀၀ ကျော်လောက် ရှိကြောင်း သိရသည်။

အကြမ်းဖက်ပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက “ထောင်ထဲမှာ အဲ့လို သတင်းထွက်နေတာတော့ ကြာပြီပေါ့နော်။ ညီမတို့ တစ်လ တစ်ခါလောက်ပဲ ထောင်ဝင်စာ တွေ့ခွင့်ရတာပါ။ ဒါတောင် သူတို့ သတ်မှတ်ထားတဲ့ အစားအစာက လွှဲရင်ကျန်တဲ့ဟာတွေ ပေးလို့ မရပါဘူး။ ဒီသတင်းမဟုတ်ပါစေနဲ့လို့ ဆုတောင်းနေရတာပါ။ ဒီကြားထဲမှာ စစ်မှုထမ်းပါသွားရင် ညီမတို့ ရင်ကျိုးရပါပြီ။ ပြီးတော့ ထောင်ပြောင်းမှာကိုလည်း စိုးရိမ်ရတယ်။ အမေလည်း ကျန်းမာရေးက သိပ်ကောင်းတာမဟုတ်တော့ ဒီအကြောင်းတွေကိုလည်း မပြောဖြစ်ပါဘူး”ဟုပြောသည်။

ထို့အပြင် ထောင်အတွင်း အစားအသောက်များမှာလည်း ဆိုးဆိုးရွားရွား ဖြစ်နေပြီး ထောင်ဝန်ထမ်းများမှာ အစားအသောက်များကို ဖြတ်တောက်ယူမှုများလည်း ရှိနေကြောင်း နောက်ထပ် အမှုရင်ဆိုင်နေရသူတစ်ဦးက ပြောဆိုသည်။

“ထောင်ဝင်စာတော့ တစ်လတစ်ကြိမ် တွေ့ခွင့်ပေးပါတယ်။ အစားအသောက်တွေက လုံးဝ အဆင်မပြေပါဘူး။ ငါးသခွန်ခြောက် (ငါးသရွဲခြောက်) တစ်ကောင်ကို သုံးခါ ဖြတ်ပြီးတော့ ဟင်းအရည်အနည်းငယ်နဲ့ ကျွေးပါတယ်။ အရမ်းကို ဆိုးဆိုးရွားရွားဖြစ်နေတာပါ။ ထောင်ဝင်စာ လာမတွေ့ရတဲ့သူတွေကတော့ တကယ့်ကို ငရဲပြည်ကျနေတာပါ။ ထောင်ဝန်ထမ်းတွေက အစားအသောက်ပိုင်းတွေကနေအစ ဖြတ်တောက်ထားပါတယ်။ ဒါကို သက်ဆိုင်ရာက ကြပ်မတ်ပေးဖို့ ပြောပေးခင်ဗျာ”ဟုပြောသည်။

၎င်းက ဆက်လက်ပြောဆိုသည်မှာ “အကျဉ်းထောင် ဦးစီးဌာနမွေးနေ့ ကျင်းပဖို့ လုပ်နေပါတယ်။ အဲ့ဒီမှာ တင်းနစ် ပြိုင်ပွဲတွေ၊ ခြင်လုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေ လုပ်နေပါတယ်။ ဒါတွေက ဟန်ပြသဘောပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေနဲ့ ဘာမီတွန် ကလွဲပြီး ဘာမှ ပေးတာ မရှိပါဘူး။ တစ်ချို့ နာတာ ရှည် ရောဂါခံစားနေရတာတွေရှိတယ်။ ဆေးကုသတွေ မပေးပါဘူး။ ပိတ်ထားပါတယ်”ဟုပြောသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်သည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီး နောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့ကြောင်း အတင်းဓမ္မ စစ်မှုထမ်း ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ