တအောင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
TNLA တပ်နှင့် စစ်ကောင်စီတပ်တို့သည် နောင်ချိုမြို့နယ် တောင်ခြေရွာနှင့် မန်မော်ကျေးရွာတို့ကြားတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဖြင့် လေကြောင်းက တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁၀ ဦးနှင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ မူးဝေခြင်း၊ အသက်ရှိုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်ဆီဂျင် မလုံလောက်သည့် ဝေဒနာများကို ခံစားနေရသည်ဟု TNLA က ဆိုသည်။
လက်ရှိတွင် ၎င်းတို့ကို ဆေးရုံတွင် ဆေးကုသပေးလျှက်ရှိနေပြီး စစ်ကောင်စီက နိုင်ငံတကာက တားမြစ်ထားသည့် အဆိပ်ငွေ့ဗုံးသုံး တိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူးနေခြင်းဖြစ်သည်ဟု TNLA က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီနှင့် TNLA တို့ကြား အပစ််အခတ် ရပ်စဲရေးအတွက် တရုတ်အစိုးရ၏ အကူအညီဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ၁၇ ရက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ကြပေ။
ညှိနှိုင်းမှုအဖြေမရသည့် ထိုဆွေးနွေးပွဲပြီးနောက် စစ်ကောင်စီသည် TNLA ထိန်းချုပ်သည့် နောင်ချိုမြို့ကို လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကို အရပ်သားများအား ဦးတည်ကာ တိုက်ခိုက်နေသည်။
ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထက်မနည်းမှာလည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြသည်။