ရခိုင်ပြည် မောင်တောဒေသက စစ်မှုထမ်းရန် ခေါ်ယူခံထားရသည့် မြိုတိုင်းရင်းသားများမှာ အာရက္ခတိုင်းပြည်ကို အတူတူတည်ဆောက်မည် ကြွေးကြော်ကာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။
ရာနှင့်ချီ ပါဝင်သော မြိုတိုင်းရင်းသားများမှာ AA ၏ အာရက္ခပြည်သူ့အစိုးရ အလံတော်ကို ကိုင်ဆောင်ကာ “အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်” ဟု ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားကျေးရွာအချို့မှ လူပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း အာရက္ခတပ်တော် AA က ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်သင်တန်းအတွက် ခေါ်ယူပြီးနောက် ယင်းကဲ့သို့ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို တွေ့ရခြင်းဖြစ်သည်။
အာရက္ခတိုင်းပြည်အတွက် မောင်တောမြောက်ပိုင်းဒေသက မြိုလူမျိုးများ၏ သဘောဆန္ဒဟုဆိုကာ ကြွေးကြော်သံ ၃ ခုပါဝင်သော ချီတက်ပွဲကို မြိုလူငယ်များအစည်းအရုံး MYU က ထုတ်ပြန်ထားသည်။
“အာရက္ခတိုင်းပြည်ဟာ ငါတို့ပြည်၊ အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်၊ အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်ကာကွယ်မယ်” ဆိုသည့် အချက်များကို ကြွေးကြော်ခဲ့ကြကြောင်း မြိုလူငယ်များအစည်းအရုံးက ဆိုသည်။
ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် ARSA, RSO, ARA နှင့် ANDF တို့သည် ဒေသခံပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းနှင့် အာရက္ခတပ်တော် AA အားတိုက်ခိုက်နေသည့်အတွက် AA က မောင်တောဒေသရှိ ပြည်သူများအား ရပ်ရွာကာကွယ်ရေး သင်တန်းများ ပေးအပ်နေသည်။
သို့သော်လည်း အာရက္ခတပ်တော် AA က ပြည်သူ့စစ်သင်တန်းအတွက် သင်တန်းသား ခေါ်ယူရာတွင် ကာယကံရှင် ဆန္ဒမပါဘဲ လူငယ်များကို ခေါ်ယူနေသည့်အတွက် မိဘများမှာ သဘောတူမှုမရှိကြပေ။



မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြို့ကေသီ၊ ခုံတိုင် စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ နှစ်အတွင်းရှိ မြိုအမျိုးသား ၁၀၀ ကျော်ကို AA က ခေါ်ဆောင်သွားကြောင်း သိရသည်။
အာရက္ခတပ်တော် အနေဖြင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းခေါ်ယူခြင်းကို မလုပ်သင့်ကြောင်း ရန်ကုန်ရောက် မြိုတိုင်းရင်းသားတစ်ဦးက ပြောသည်။
“အာဏာရှင် ဆန်ဆန်မျိုး မလုပ်စေချင်ဘူးဗျ။ ဒါက အဖွဲ့အစည်း တစ်ခုလုံးကို မဆိုလိုဘူး။ ဒါ လုပ်တဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာပဲ ပြောလိုတာပါ။ ဘယ်သူ လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ် ပြည်သူလူထုကို ပြည်သူလူထုလိုပဲ သဘောထားရမယ်။ ဆက်ဆံရမယ်။ ကျနော်တို့က ပူးပေါင်းပါဝင်ရမယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ အသက် မပြည့်သေးတဲ့ ကလေးတွေကို ခေါ်သွားတာ၊ ကာယကံရှင်တွေ သဘောမတူဘဲ ခေါ်သွားတာက မသင့်တော်ဘူး” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့က စစ်ကောင်စီ တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
သိမ်းပိုက်ရရှိထားသော မြို့များကို ကာကွယ်စောင့်ရှောက်ရန် အာရက္ခတပ်တော် AA တွင် လူအင်အား အများအပြားလိုအပ်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်ဒေသတို့က လူငယ်အများအပြားကို စစ်မှုထမ်းရန် ခေါ်ယူမှုရှိခဲ့ကြောင်း သိရသည်။