Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- မောင်တော ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံ ဗုံးကြဲခံရမှု ခံရစဉ်။ ဓါတ်ပုံ- APM

အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

မတ် ၁ ရက်နေ့ ယနေ့ နံနက် ၁၂ နာရီကျော်မှာ ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့ကြောင်း AA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဆောက်အအုံ တစ်ဝိုက် လာပြီးတော့ ဗုံးကြဲသွားတာပါ။ ကျွန်တော်တို့ သွားကြည့်သလောက်တော့ အဆောက်အအုံကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။ တစ်ယောက်မှ ထိခိုက်တာတွေ မရှိဘူး။ အဲ့ဒီမှာ လူတွေကို မထားပါဘူး။ သတင်းပေးချက်အရ လာပြီးတော့ ဗုံးကြဲတယ်လို့ ယူဆပါတယ် “ဟုပြောသည်။

ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံတွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းများ သုံ့ပန်း မိသားစုများ နေထိုင်သည်ဟု သတင်းပေး ပြောဆိုမှုကြောင့် စစ်ကောင်စီက လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အောင်မင်္ဂလာကျေးရွာသားတစ်ဦးက “အဲ့ဒီနေရာက သုံ့ပန်းတွေ ထားတဲ့နေရာ မဟုတ်ပါဘူး။ ပြီးတော့ AA တပ်ဖွဲ့ဝင်တွေလည်း မရှိပါဘူး။ စစ်ကောင်စီက သတင်းတစ်ခုခု ရထားလို့ ပစ်တာ ဖြစ်ပါမယ်။ ထိခိုက်သူတွေကတော့ မရှိပါဘူး။ ပထမ အသံးကြားလို့ တော်တော်လေးကို ထိတ်လန့်သွားကြတာပါ”ဟုပြောသည်။

အဆိုပါ ကျီးကန်းပြင်ဌာနချုပ်ဟောင်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂ ရက် အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးရရှိခဲ့သော သုံ့ပန်းများကို အခြားနေရာသို့ ပြောင်းရွေ့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ကျီကန်းပြင်ဌာနချုပ်သည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အကြီးဆုံးသော နယ်ခြားစောင့် တပ်စခန်းတစ်ခုဖြစ်ပြီး မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲခွဲ နခခ (၁၀)ခုကို ကွပ်ကဲခဲ့သော ဌာနချုပ် ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ရခိုင်ပြည်အတွင်း ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ အရပ်သားများ နေထိုင်ရာ နေရာများအပါအဝင် သုံ့ပန်းများ ထားသည့်နေရာများကို မကြာခဏ လေကြောင်းက ဗုံးကြဲမှုများ လုပ်ဆောင်နေသည်။

ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် ၃ကြိမ်တိုင်တိုင် လာရောက် ကြဲချခဲ့မှုကြောင့် မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသမှ သုံ့ပန်းအပါအဝင် တပ်မိသားစုများလည်း ၃၀ ကျော်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုဝင်များထဲက မိသားစုဝင်များနှင့် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထားသည့် အရပ်သား အကျဉ်းသား စုစုပေါင်း ၁၄၂ ဦးကိ AA က ပြန်လွှတ်ပေးမှု ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ