အာရက္ခတပ်တော် AA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း၊ ပဒါန်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း အပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့သည်။
ဗိုလ်မှူးသန့်ဇော်ဟိန်း၏ ရက်လည်ဆွမ်းသွပ် တရားနာကို မတ်လ ၁ ရက်နေ့ က နေပြည်တော် ပျဥ်းမနားမြို့ ရှိ အုန်းတောပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ပြီး ၎င်း၏ မိခင်ဖြစ်သူကလည်း လူမူကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ဗိုလ်မှူးသန့်ဇော်ဟိန်း၏ မိခင် ဒေါ်ခင်ညိုညိုက “ကျမရဲ့ သားကြီး ဟာ ပဲခူးတိုင်း၊ ညောင်ကျိုး ရှေ့တန်းစစ်မျက်နှာပြင်မှာ ကျူးကျော် AA နဲ့ ရင်ဆိုင်တိုက်ပွဲမှာ တိုင်းပြည်အတွက် အသက်စွန့်သွားပါတယ်”ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွင် မတ်လ ၁ ရက်နေ့က ရေးသားထားသည်။



ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က လက်နက်ကြီးများ အထိုင်ချထားသည်စစ်တပ်၏ ညောင်ကျိုး စခန်း၏ ကာကင်း စခန်ကုန်းအချို့ကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းများလည်း ရရှိခဲ့သည်။
ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ မိခင်ဖြစ်သူ A 1 သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်ခင်ညိုညို က သေဆုံးမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်မှ တစ်ဆင့် ကဗျာများ ရေးသားခဲ့ပြီး အမျှဝေ ဆုတောင်း ခဲ့သည်ကို တွေ့ရသည်။
ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း သည် ကသာ ဇာတိဖြစ်ပြီး မိဘများမှာ လက်ရှိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်ကာ A-1 သင်္ကန်းတိုက် ဖွင့်လှစ် လုပ်ကိုင်နေပြီး စစ်ကောင်စီတပ်ကို အပြည့်အဝ ထောက်ခံသူများ ဖြစ်ကြောင်း သိရသည်။



ထို့အပြင် စစ်အာဏာသိမ်းပြီးကာစ တပ်ထောက်ခံပွဲများ လုပ်ဆောင်ချိန်တွင် ဗိုလ်မှူး သန့်ဇော်ဟိန်း ၏ မိခင်ဖြစ်သူက လူတစ်ဦးလျှင် ကျပ်နှစ်သောင်းပေး၍ တပ်ထောက်ခံပေးပွဲ တက်ပေးရန် စည်းရုံးခဲ့သူဖြစ်ပြီး မဘသနှင့် အမျိုးသားရေးအစွန်းရောက် အမာခံများဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် ဗိုလ်မှူး သန့်ဇော်ဟိန်း စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ အလောင်းကို နေပြည်တော်အထိ သယ်ယူ၍ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။