ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကို အပြီးအပိုင်ဖျက်သိမ်းကြောင်း ယမန်နေ့ မတ်လ ၂ ရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ယောတပ်တော် YA က ယောဒေသတွင် ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားရန် ဖိတ်ခေါ်ပြီးနောက် YPDF ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ယောတပ်တော် YA နှင့် YPDF ပေါင်းစည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး အခြေခံမူများ သဘောတူထားသည်ဟု ရဲဘော်ယောလေးက ပြောဆိုထားသည်။
စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် YPDF တပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိသည်ဟု ရဲဘော်ယောလေးက ထုတ်ပြန်ထားသည်။



YPDF သည် ၂၀၂၁ ခုနှစ် မတ်လက စတင်ကာ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနှင့် ယောဒေသ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သော တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
ဖျက်သိမ်းထားသော YPDF အမည်ဖြင့် စစ်ရေး၊ နိုင်ငံရေး စသည့် ကိစ္စများတင်မက အလှူခံခြင်း၊ ကမ်ပိန်းများ၊ မဲများ အပါအဝင် ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသော အလံ၊ အမည်၊ တံဆိပ် အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်မယူကြောင်းလည်း ရဲဘော်ယောလေးက အသိပေး ကြေညာထားသည်။