Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မတ် ၂ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခဲ့သော ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ယောတပ်တော် Yaw Army နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၃ ရက်နေ့က YA က ထုတ်ပြန်သည်။

YAနှင့် YPDF တို့ ပေါင်းစည်းရေးအတွက် ညှိနှိုင်းလာသည်မှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တစ်တည်းအဖြစ် အတူတည်ဆောက် တိုက်ပွဲဝင်သွားကြမည်ဟု YA က ပြောသည်။

အဆိုပါ စုပေါင်းနိုင်မှုသည် ယောအမျိုးသား တည်ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ရန် အင်အားတစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“လက်ရှိအချိန်တွင် တော်လှန်ရေး၏ တဖြေးဖြေးခက်ခဲကြမ်းတမ်းလာသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကာ လွတ်မြောက်မှုကို လက်တွေ့ကျကျဖော်ဆောင်ရေးအတွက် မိမိတို့ ယောဒေသတွင်း တော်လှန်ရေးတပ်များ ပိုမို၍ရင်ဘတ်ချင်းနီးပြီး ကျောချင်းကပ်ကြရမည့်အချိန်လည်း ဖြစ်သည်” ဟု YA က ပြောဆိုထားခြင်းဖြစ်သည်။

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကိုမူ အပြီးအပိုင်ဖျက်သိမ်းကြောင်း မတ်လ ၂ ရက်နေ့က ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ထုတ်ပြန်အသိပေး ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ယောတပ်တော် YA က ယောဒေသတွင် ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားရန် ဖိတ်ခေါ်ပြီးနောက် YPDF ကို ဖျက်သိမ်းခဲ့ကြခြင်းဖြစ်သည်။

စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် YPDF တပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိသည်ဟု ရဲဘော်ယောလေးက ဆိုသည်။

နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ်ဖြုတ်ချ ရေးအပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ယောတို့၏ တန်းတူညီမျှစွာ ပါဝင်ရပ်တည်ခွင့်အတွက် ယောဟူသော ဝိသေသလက္ခဏာကို ကိုင်စွဲကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ယောတပ်တော် YA က ထုတ်ပြန်ထားသည်။

ယောဒေသတွင်းနေ ယောလူမျိုး၊ တောင်သားလူမျိုး၊ ချင်းပုံလူမျိုးများသည် ယောဟူသော ဝိသေသလက္ခဏာကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို အတူတကွသုံးစွဲရပ်တည်ကြသော လူမျိုးများဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ