အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့က စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၁၀ ကျော်က စစ်ရှောင် တစ်သောင်းကျော်နှင့် စစ်တွေမြို့နယ် ကျေးရွာပေါင်း ၂၀ ကျော်က စစ်ရှောင် တစ်သောင်းနီးပါးမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေကြခြင်းဖြစ်သည်။
ကျောက်ဖြူဒေသခံတစ်ဦးက “စစ်ဘေးရှောင်တွေက အကူအညီလိုအပ်နေတာပေါ့ဗျာ။ အဓိကတော့ စားရေးသောက်ရေးပေါ့။ နေတာက အဆင်ပြေသလို အဆင်ပြေတဲ့ ရွာတွေမှာ ခိုကပ်ပြီး နေလို့ရပေမယ့် စားဖို့ အဆင်မပြေကြဘူး။ ကိုယ့်မှာရှိတာကလည်း အားလုံး ထားခဲ့ရတော့ ဆန်တွေ၊ ဆီတွေ ထောက်ပံ့ပေးမယ့်သူရှိရင် အရမ်းကို ကျေးဇူးတင်မှာပါ” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ် စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်ကစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ၍ ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ကျောက်ဖြူမြို့နယ် စည်မော်၊ ကြတ္တိန်၊ ရှောက်ချောင်းနှင့် စိုင်ခြုံဒေသတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု မီဒီယာများကို ပြောဆိုထားသည်။
လက်နက်ကြီး ပစ်ခတ်သံများကြားတွင် အသက်လုပြီး ထွတ်ပြေးလာရသည့်အတွက် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထွက်လာရကြောင်းနှင့် အိုးပစ်အိမ်ပစ် အားလုံး ထားခဲ့ရသည်ဟု နောက်ထပ် ကျောက်ဖြူ စစ်ရှောင်တစ်ဦးက ပြောသည်။
“ထွက်ပြေးရတဲ့ စစ်ရှောင်တွေအကုန်လုံးက လက်နက်ကြီးသံတွေ၊ လေကြောင်းဗုံးကြဲနေတဲ့အချိန်မှာ ထွက်ပြေးရတာ။ အသက်ရှင်ဖို့ပဲ အရေးကြီးတယ် အားလုံးကို ထားခဲ့ရတယ်။ တချို့ကလေးတွေမှာဆို ဖိနပ်တောင် မပါကြဘူး။ အခု တော်တော်လေးကို ဒုက္ခသည်ရောကနေကြရပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ပါကြတော့ ဆေးဝါးအကူအညီတွေလည်း လိုအပ်ပါတယ်။ အခုတော့ ကိုယ်ရောက်နေတဲ့ စစ်ရှောင်တွေလက်ခံထားတဲ့သူတွေက အကူအညီနဲ့ ဖြစ်သလို စားသောက်နေထိုင်နေရတာပါ။ စစ်ပွဲက ဘယ်အချိန်ပြီးမယ်ဆိုတာ မသိတော့ ရေရှည်မှာ ကျနော်တို့ကို ထောက်ပံ့ကူညီပေးမယ့်သူတွေ လိုအပ်ပါတယ်” ဟု ပြောသည်။
စစ်တွေမြို့အနီးက ကျေးရွာ ၂၀ ကျော်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်ထားသောကြောင့် ပြည်သူ တစ်သောင်းနီးပါးမှာ စစ်တွေမြို့ထဲ၌ ဘုန်းတော်ကြီးများတွင် ခိုလှုံနေထိုင်ကြသည်။
စစ်ကောင်စီက အဆိုပါ ကျေးရွာများတွင် တပ်စွဲနေထိုင်နိုင်ရန်အတွက် ဒေသခံပြည်သူများအား အတင်းအဓ္ဓမ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုထားကြသည်။
လက်ရှိ အဆိုပါ စစ်ရှောင်ပြည်သူများမှာ ထောက်ပံ့ကူညီမှုမရရှိဘဲ ဘုန်းတော်ကြီးများ၏ အလှူငွေများဖြင့် ရပ်တည်နေကြရပြီး ရေရှည်တွင် ထမင်းငတ်နိုင်ကြောင်း စစ်ရှောင်များအား လက်ခံထားကြသည့် ဘုန်းတော်ကြီးများက ပြောဆိုကြသည်။
“နောက်လမှာ ဘာအထောက်အပံ့မှ မရရင် ဒီ ဘုန်းကြီးကျောင်း ၅၀ ကျော်က စစ်ရှောင်ပြည်သူတွေဟာ ထမင်းငတ်ကိန်းရှိပါတယ်။ လူပေါင်း ၄၀၀ လောက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စားရေးသောက်ရေး ပြဿနာကို ဖြေရှင်းဖို့ အကူအညီတွေ လိုအပ်ပါတယ်။ အရင်က နိုင်ငံခြားမှာရှိတဲ့ လူငယ်တွေက ထောက်ပံ့ကြပေမယ့် အခုက ဖုန်းလိုင်း၊ အင်တာနက် မရတော့ ဘာအထောက်အပံ့မှ မရရှိကြတော့ဘူး” ဟု စစ်ရှောင်များအား ကူညီနေသည့် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၅၇၀,၀၀၀ နီးပါးရှိကြောင်းနှင့် ၎င်းတို့အားလုံးမှာ အကူအညီများ အဆောတလျင် လိုအပ်နေကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က Western News ကို ပြောဆိုထားသည်။
“လောလောဆယ် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ၅၇၀,၀၀၀ နီးပါရှိပါတယ်။ သို့သော် ထောင်ပေါင်းရာနှင့်ချီအောင် များပြားသောသူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဆောတလျင် လိုအပ်ဆဲရှိနေပါတယ်” ဟု ICRC မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO ကမူ ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်ပြည်သူ ၆ သိန်းကျော်ရှိကြောင်းနှင့် ဆေးဝါးများ၊ စားနပ်ရိက္ခာများနှင့် အခြားသော ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ၂၀၂၄ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့ဖူးသည်။