Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA ကို တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည့် RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

OIC အထူးကိုယ်စားလှယ် Ibrahim Khairat သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်ဟု မတ်လ ၂ ရက်နေ့က Dhaka Tribune က ဖော်ပြသည်။

RSO ခေါင်းဆောင်အချို့၊ RSO နှင့်ဆက်စပ်နေသော မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူများတို့ဖြင့် တွေ့ဆုံခဲ့သည့်အကြောင်း OIC အထူးကိုယ်စားလှယ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

OIC အထူးကိုယ်စားလှယ် ဖော်ပြခဲ့သော ဓါတ်ပုံတွင် RSO ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော Dil Mohammed ပါဝင်နေကြောင်း တွေ့ရသည်ဟု Dhaka Tribune က ဆိုသည်။

Dil Mohammed သည် မြန်မာစစ်တပ်နှင့် အလွမ်းသင့်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော RSO ခေါင်းဆောင်တစ်ဦးဖြစ်သလို အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မွတ်ဆလင်လူငယ်များအား စည်းရုံးနေသောသူ တစ်ဦးလည်းဖြစ်သည်။

RSO ဘက်ကမူ OIC အထူးကိုယ်စားလှယ် Ibrahim Khairat နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ကို ငြင်းဆိုထားသော်လည်း Ibrahim Khairat ၏ လူမှုကွန်ရက် ဓါတ်ပုံက အတည်ပြုနိုင်ကြောင်း Dhaka Tribune ပြောသည်။

OIC အထူးကိုယ်စားလှယ် Ibrahim Khairat ၏ ခရီးစဉ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က လွယ်ကူချောမွေ့စွာ စီစဉ်ပေးခဲ့ပြီး ယင်းအပေါ် ကျေးဇူးတင်ကြောင်းလည်း Arakan Rohingya Union (ARU) မှ အသိအမှတ်ပြုထားသည်။

မည်သည့်အတွက်ကြောင့် တွေ့ဆုံကြသည်ကို RSO နှင့် OIC နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်ပေးခြင်း မရှိ၍ တွေ့ဆုံပွဲ အသေးစိတ်အကြောင်းအရင်းကို အသေးစိတ်မသိရကြောင်း Dhaka Tribune က ပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများထဲက မွတ်ဆလင်လက်နက်ကိုင်များမှာ Arakan Rohingya National Alliance (ARNA) ကို ဦးတည်နေပြီး လူငယ်အများအပြားကိုလည်း စစ်သားစုဆောင်းနေကြောင်း သိရသည်။

OIC အထူးကိုယ်စားလှယ်၏ တွေ့ဆုံပွဲတွင် ARSA က ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ခြင်း ရှိမရှိကို မေးမြန်းရာတွင် ဖြေဆိုရန် ငြင်းဆန်ခဲ့ကြောင်း Dhaka Tribune က ဆိုသည်။

သို့သော်လည်း RSO, ARSA, ARA, AIM/ARIF တို့မှာ ချိတ်ဆက်ဆောင်ရွက်ကာ ပေါင်းစည်းထားကြပြီး အာရက္ခတပ်တော် AA ကို အတူတူတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အကြောင်း ပြီးခဲ့သည့် လပိုင်းအတွင်းက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ပြောဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ