ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၂၀၀ ကျော်နီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်အနီးက ဦးကင်းကျေးရွာကို စစ်ကောင်စီက မတ်လ ၆ ရက် နေ့လယ်က ၁ ကြိမ်နှင့် ညနေပိုင်းတွင် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်း ဦးကင်းကျေးရွာတွင် လူနေအိမ် ၁၇၀ ကျော်ရှိပြီး စစ်ကောင်စီဗုံးများကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“လူတွေတော့ အထိအခိုက်မရှိဘူး။ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကစပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားကြတာ။ မနေ့က နေ့လယ်နဲ့ ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တစ်ရွာလုံး မီးလောင်ပျက်စီးသွားပါတယ်။ တိုက်ပွဲတွေ မရှိဘူးလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။



ဖေဖော်ဝါရီလ ၂၀ ရက်ကျော်ကစပြီး ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်အနီး ဦးကင်း၊ ကြတ္တိန်၊ စည်မော်နဲ့ ရှောင်ချောင်း ဒေသတို့တွင် စစ်ကောင်စီကာကင်းတပ်စခန်းများနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြသည်။
သို့သော်လည်း ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘဲ စစ်ကောင်စီက ဦးကင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဦးကင်းကျေးရွာသည် ဓညဝတီရေတပ်ဌာနချုပ်နှင့် ၃ မိုင်ခန့်အကွာတွင်ရှိပြီး ကျေးရွာသားများမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရခြင်းဖြစ်သည်။
အလားတူ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကိုလည်း စစ်ကောင်စီက ယမန်နေ့ မတ်လ ၆ ရက် နံနက်ပိုင်းတွင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားသည်။
နံနက် ၉ နာရီအချိန်ခန့်တွင် စစ်တွေမြို့နယ် ကံ့ကော်ကျွန်းမှာ အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းက ဒရုန်း ၁၀ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



“AA ရှိတယ်ထင်ပြီး စစ်ကောင်စီတပ်က ဒရုန်း ၁၀ စီးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ AA က အဲဒီရွာမှာ မရှိပါဘူး။ နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားပါတယ်။ စစ်ကောင်စီဟာ အရပ်သားကျေးရွာတွေကို တမင် မီးရှို့ဖျက်ဆီးနေတာ” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်တွေမြို့အနီးက ကျေးရွာပေါင်း ၂၀ ကျော်ကို အတင်းအဓမ္မနှင်ထုတ်ခဲ့ပြီး ယင်းအထဲတွင် ဝါဘိုကျေးရွာလည်း ပါဝင်သည်။


စစ်တွေမြို့အနီးနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့သည် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ကျောက်ဖြူမြို့ ဓညဝတီရေတပ်အနီးက စစ်ကောင်စီ၏ ကာကင်းစခန်းများကိုလည်း AA က သိမ်းပိုက်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
စစ်တွေနှင့် ကျောက်ဖြူက တိုက်ပွဲနှင့် ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။