Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-စစ်တွေမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များကို ဇန်နရီလအ အတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ - Wai Hun Aung )

တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်းပစ်ခတ်မှု အန္တရာယ်များကြောင့် စစ်တွေမြို့ထဲက သောင်းနှင့် ချီသော ပြည်သူများမှာ ဘေးလွတ်ရာကို ပြောင်းရွှေ့လိုကြသော်လည်း ခေါ်ယူမည့်သူမရှိ၍ ပိတ်မိနေကြသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့အနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲမှာ တစ်ရက်ထက် တစ်ရက် ပြင်းထန်လာနေပြီး စစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်အပါအဝင် အခြေခံအလုပ်သမားများနှင့် ဆင်ခြေဖုံးရပ်ကွက် ဒေသခံပြည်သူ သောင်းချီမှာ တိုက်ပွဲနှင့် ဝေးရာကို တိမ်းရှောင်ရန် ဆန္ဒရှိနေကြသည်။

“ပိုက်ဆံရှိတဲ့ သူတွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို သွားပြီး ထွက်ပြေးနိုင်တယ်။ ကျမတို့လို ဆွေးမရှိ မျိုးမရှိ ဆင်းရဲသားတွေ၊ အလုပ်သမားတွေက ဘယ်ကို သွားရမလဲ မသိဘူး။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော ဘက်သွားမယ်ဆိုရင်လည်း စစ်ကောင်စီတပ်တွေက ဟန့်တားထားတယ်။ ရန်ကုန်ဘက် သွားဖို့ကလည်း ပိုက်ဆံကမရှိ။ အခုတော့ မြို့ထဲမှာ ပိတ်မိနေကြတာပေါ့” ဟု စစ်တွေမြို့ခံ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်ခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်တွေမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ ကြိုကြား တိုက်ပွဲကြောင့်နှင့် လက်ရှိ လက်နက်ကြီး အန္တရာယ်များကြောင့် စစ်တွေမြို့တစ်ဝက်ခန့် အထူးသဖြင့် ငွေကြေးတတ်နိုင်သူများမှာ ရန်ကုန်ဖက်သို့ တိမ်းရှောင် သွားခဲ့ကြသည်။

ဆင်ခြေဖုံးရပ်ကွက်က ဒေသခံပြည်သူများနှင့် ငွေကြေးမတတ်နိုင်သူများမှာ စစ်တွေမြို့ထဲ၌ ကျန်ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေကြရသည်။

“အရင်ကလည်း စစ်တွေမြို့ကနေ တိမ်းရှောင်ဖို့ လွတ်မြောက်နယ်မြေသွားဖို့ စီစဉ်ခဲ့ဖူးတယ်။ မအောင်မြင်ဘူး။ စက်လှေတွေနဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဘက်ကို ခိုးထွက်ဖို့ စီစဉ်ခဲ့ဖူးတယ်။ ရေတပ်ရဲ့ အန္တရာယ်ကြောင့် မသွားနိုင်ခဲ့ဘူး။ ပိုက်ဆံပေးဖို့ကျလည်း ပိုက်ဆံမရှိဘူးလေ။ အခု တိုက်ပွဲက မြို့နဲ့နီးကပ်လာတော့ ဘယ်ကိုသွားလို့ သွားရမှန်းတောင် မသိတော့ဘူး။ ဘယ်သူမှ တိုက်ပွဲကြားမှာ မနေချင်ပါဘူး” ဟု နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်လာသည်နှင့် အမျှ စစ်တွေမြို့ထဲက ပြည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပိုက်ဆံပေးပြီး စက်လှေများဖြင့် ခိုးထွက်ကာ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ဒေသများသို့ ခိုလှုံကြသည်။

၂၀၂၅ ဇန်နဝါရီလအတွင်း ပုဏ္ဏားကျွန်းဘက် ထွက်ခွာသည့် စစ်တွေမြို့က စက်လှေ အနည်းဆုံး ၃ စီးမှာ စစ်ကောင်စီရေတပ်ကို ပိုက်ဆံပေးပြီး ကုန်းပေါ်က တပ်ဖွဲ့ဝင်များကို ပိုက်ဆံမပေးမိ၍ ဖမ်းဆီးခံရပြီး လူပေါင်း ၃၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တွေမြို့က ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်မြောက်နယ်မြေတွေကို ထွက်ခွာနေကြတာရှိပါတယ်။ တစ်ခါတစ်လေ ရေတပ်ကို ပိုက်ဆံပေးပြီး ထွက်ခွင့်ရတယ်။ တစ်ခါတစ်လေ ကုန်းပေါ်က တပ်ဖွဲ့ဝင်တွေကို ပိုက်ဆံပေးပြီးထွက်ခွာကြတာ ရှိတယ်။ ဒါပေမယ့် အခု မရတော့ဘူးလို့ သိရတယ်။ အဖွဲ့ပေါင်းစုံကို ပိုက်ဆံပေးနိုင်မှ ထွက်ခွာ ခွင့်ရကြတယ်။ ဒါတောင် အခုအခြေအနေနဲ့ အရမ်းခက်ခဲသွားပြီ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဂိတ်တွေ အားလုံးကို လုံးဝကို တင်းကျပ်ထားတာ။ အခုအချိန် စစ်တွေမြို့က ထွက်ခွာဖို့က အရမ်းခက်ခဲသွားပြီ။ အားလုံးက ပိတ်မိနေကြပြီ။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေကြပါပြီ” ဟု ပြောသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက အာရက္ခတပ်တော် AA သည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်က ပြည်သူများကို လွတ်မြောက်နယ်မြေသို့ ခိုလှုံလာရောက်ကြရန် တိုက်တွန်းပြောဆိုချက်များရှိခဲ့သည်။

သို့သော်လည်း ထိုအချိန်က ဒေသခံပြည်သူများမှာ တိုက်ပွဲနှင့် ထိပ်တိုက်မရင်ဆိုင်ရသည့်အတွက် ငွေကြေးမတတ်နိုင်သူများမှာ မြို့ကိုစွန့်ခွာရန် တွန့်ဆုတ်ခဲ့ကြသည်။

လက်ရှိတွင် မြို့ကိုစွန့်ခွာကာ ဘေးလွတ်ရာကို သွားလိုကြသော်လည်း အဖက်ဖက်က ပိတ်ဆို့ထားခြင်းကြောင့် ထွက်ခွာရန် မလွယ်ကူကြတော့ဘဲ တိုက်ပွဲကြားမှာ ပိတ်မိနေကြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တွေမြို့ပေါ်တွင် လူဦးရေ ၁၂၀,၀၀၀ ကျော်ရှိပြီး ငွေကြေးတတ်နိုင်သူ လူနည်းစုသာ လေကြောင်းကတစ်ဆင့် ရန်ကုန်မြို့ဘက်သို့ တိမ်းရှောင်နေကြပြီး ငွေကြေးမတတ်နိုင်သည့် လူအများစုက စစ်တွေမြို့ထဲတွင် ပိတ်မိနေကြခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ