စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ ဂွမြို့နယ်က အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဂွမြို့နယ် ဒေသခံများက Western News ကို ပြောသည်။
မတ် ၉ ရက်နေ့ နံနက်ပိုင်း ၁ နာရီကျော်တွင် ဂွမြို့နယ်၊ ဘဝင်ရွာကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အိပ်ပျော်နေသည့် မိသားစုများထဲမှ ဖခင်ဖြစ်သူမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူနှင့် သားဖြစ်သူတို့ ဒဏ်ရာ ရရှိခဲ့သည်။
ဂွဒေသခံတစ်ဦးက “ကျွန်တော် ခန့်မှန်းသလောက်ဆိုရင် ၁ နာရီ ၄၅ လောက်ရှိမယ်။ တစ်ကြိမ်လာကြဲတယ်။ နောက်တစ်ကြိမ်ကတော့ ၂နာရီ ဝန်းကျင်လောက်ရှိတယ်။ သူတို့က ဒုတိယအကြိမ်မှာ ကျတာ၊ အကုန် အိပ်မောကျနေတဲ့အချိန် လာချတာပါ။ အဖေဖြစ်သူ သေဆုံးတယ်။ သားသမီးနှစ်ယောက် ဒဏ်ရာရတယ် “ဟုပြောသည်။
ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ ဘဝင်ရွာက အသက် ၆၀ အရွယ်ရှိ ဦးထွန်းအောင်သိန်းနှင့် ဒဏ်ရာရရှိသူမှာ အသက် ၂၆ နှစ်အရွယ် ၎င်း၏ သမီးဖြစ်သူ မမေသဇင်နှင့် သားဖြစ်သူ အသက် ၁၂နှစ်ရွယ် မောင်ဖြိုးဝေစိုး တို့ ဖြစ်ကြသည်။
ပြင်းထန်ဒဏ်ရာရရှိသူနှစ်ဦးမှာ အရေးပေါ် ဆေးကုသခံမှု ခံယူနေပြီး လူနာ နှစ်ဦးလုံး စိုးရိမ်ရကြောင်း ဂွမြို့နယ် ကူညီဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက် နေ့လယ်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်က ဦးကင်းနှင့် ကြတ္တိန်ကျေးရွာက နေအိမ် စုစုပေါင်း ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ရသည်။
ထို့အပြင် မတ်လ ၆ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ဝါကျေးရွာကိုလည်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် ၃၅ ဆောင်မီးလောင် ပျက်စီးသွားခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ နှစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၈ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၁၇ ဦးထက်မနည်းရှိသည်။
စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလတွင် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူ ၉၂ ဦးသေဆုံးခဲ့ရပြီး ၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတွင် အရပ်သား ၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။