ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့က ပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့အနီးရှိ စစ်ကောင်စီ၏ အမှတ် ၁၈ တောင်မော်ကြီး ရေတပ်စခန်းမှ သေခံဒရုန်းနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံပျက်စီးသွားကြောင်း သိရသည်။
“ဗုံးသီးတွေက ခွဲစိတ်ခန်းထဲတယ်။ တခြားခေါင်မိုးတွေလည်း ကျတယ်။ ခွဲစိတ်ခန်းကပျက်စီးသွားပြီးတော့ ခေါင်မိုးတွေ ပျက်စီးသွားတယ်။ နံနက် ၃ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကြဲခဲ့တာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး တစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် AA တို့်မှာ တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အရပ်သားနေ ကျေးရွာများ၊ ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
မတ်လ ၇ ရက် နေ့လယ်ပိုင်းကလည်း ကြတ္တိန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပြာကျသွားသည်။



“ဟိုတနေ့ကလည်း ဦးကင်းရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။ ထပ်ပြီးလည်း ကြတ္တိန်ရွာကို ဗုံးကြဲတိုက်ခိုက်တယ်။ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မတ်လ ၆ ရက် နေ့လယ်နှင့် ညနေပိုင်းတွင် ဦးကင်းကျေးရွာကို စစ်ကောင်စီသည် လေကြောင်းကနေ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၁၇၀ ကျော် မီးလောင်ပြာကျသွားသည်။
ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်တိုက်နယ်နှင့် ဓညဝတီရေတပ်အနီးက ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။