Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော နယ်မြေများနှင့် စစ်ရေးအောင်မြင်မှုများသည် အစမ်းသပ်ခံ ကာလဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် တအောင်းတပ် TNLA တို့က ပြောသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော MNDAA ၏ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော ၃၆ နှစ်မြောက် တပ် တည်ထောင်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA က ပြောဆိုထားခြင်းဖြစ်သည်။

“လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီး လာမည်ဖြစ်သည့်အားလျော်စွာ မိမိတို့ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်သည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။

ထို့ကြောင့် ညီနောင် မဟာမိတ် (၃) ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှုကို ယခုထက်ပို၍ ခိုင်မာသည်ထက်ခိုင်မာအောင် ဆက်လက် လုပ်ဆောင်သွားကြမည်ဟု TNLA နှင့် AA က ပြောသည်။

ကိုးကန့်တပ်မတော် MNDAA ကို စတင်ဖွဲ့စည်းသည့် ၃၆ နှစ်မြောက်ကာလမှစတင်၍ လာမည့်ကာလများသည် ကိုးကန့်ဒေသပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ် ရအုံးမည်ဟု ဆိုသည်။

ကိုးကန့်အဖွဲ့အစည်း၏ ဖြတ်သန်းမှုသမိုင်းအပေါ် အခြေခံ၍ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားပြီး တစ်ခေတ်တစ်ခါတုန်းက ကိုးကန့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည်ကိုလည်း အပြည့်အဝ ယုံကြည်ကြောင်းလည်း ပြောသည်။

တစ်ပြိုင်နက်တည်းတွင် လာလတ္တံ့သော ကာလများ၌ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများရှိလာပါကလည်း ယခင်နည်းတူ ညီနောင်မဟာမိတ်ပီသစွာဖြင့် စုစည်းကျော်ဖြတ်သွားကြရန် အမြဲအသင့်ရှိကြောင်း TNLA နှင့် AA တို့က ကတိပေးထားသည်။

တော်လှန်ရေးအဖွဲ့အစည်းများ အတွက်လည်း အတုယူစရာ နမူနာကောင်းများကို လမ်းညွှန်ပြသထားခဲ့ပြီး လက်ရှိ ကိုးကန့် အဖွဲ့အစည်းကို ခေါင်းဆောင်နေကြသော ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအောက်တွင် ကိုးကန့်အဖွဲ့အစည်းမှ လိုလားသော ကိုးကန့်ရွှေရောင်နေ့ရက်များကို ပြန်လည်ရောက်ရှိလာပါစေကြောင်း ညီရင်းအစ်ကိုစိတ်အပြည့်ဖြင့် ဆုမွန်ကောင်း တောင်းပေးသည်ဟု TNLA နှင့် AA က ပြောသည်။

1 Comment

Comments are closed.

ဆက်စပ်သတင်းများ