(ဒဏ်ရာရ စစ်ကောင်စီတပ်သား များပြား၍ ဆေးရုံတွင် ကုတင်မလုံလောက်ဖြစ်နေ)
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဥသျှစ်ပင်မြို့သို့ ဆုတ်ခွာထွက်ပြေးနေကြောင်း သိရသည်။
ဥသျှစ်ပင် သတင်းရင်းမြစ်တစ်ဦးက ” AA ထိုးစစ်က ဥသျှစ်ပင်မြို့ထဲထိတော့ မရောက်သေးဘူး။ ဒါပေမယ့် မြို့နဲ့တော့ တော်တော်နီးနေပြီ။ စစ်ရေးကတော့ ပြင်းထန်နေတယ်။ စစ်ကားတွေ အတက်အဆင်းများတယ်။ တောင်ပေါ်က ဒဏ်ရာရတဲ့ စစ်သားတွေကို ပြန်သယ်ထုတ်နေတယ်။ ထိုးစစ်က ဥသျှစ်ပင်မြို့ဘက်ကို ဦးတည်လာနေပြီ ပြောလို့ရပါတယ်။ တပ်ဘက်ကတော့ လေ ကြောင်းတိုက်ခိုက်မှုရော လက်နက်ကြီးတွေ တစ်လျှောက်လုံး ပစ်ခတ်နေတယ်” ဟု ပြောသည်။
ညောင်ကျိုးတပ်စခန်းသိမ်းတိုက်ပွဲနှင့် ပန်းတောင်းမြို့နယ်အတွင်းက တိုက်ပွဲများမှာ ဇန်နဝါရီလကစ၍ ပိုမိုပြင်းထန်လာပြီး AA နှင့် စစ်ကောင်စီတပ်မှာ အပြင်းအထန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်က သေဆုံးတပ်သားများပြားနေသလို ဒဏ်ရာရ တပ်သား အလွန်များပြားနေ၍ ဆေးရုံများတွင် ကုတင်မလုံလောက်သဖြင့် ပြည် ဒကစ နှင့် မြို့တော်ခန်းမတို့တွင် ကုသပေးနေရကြောင်း သတင်းရင်းမြစ်က ပြောသည်။



ပြည်သတင်းရင်းမြစ်က “ညောင်ကျိုးမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ပြည်ဒစကနဲ့ အနီးအနားက တပ်စခန်းတွေနဲ့ တိုက်နယ်ဆေးရုံတွေမှာ ကုသပေးနေတယ်။ ကုတင်မလောက်လို့ မြို့တော်ခန်းမမှာတောင် ယာယီဆေးရုံအဖြစ် ကုတင်တွေချပြီး ကုသနေရတယ်” ဟု ပြောသည်။
ညောင်ကျိုးတိုက်ပွဲနှင့် ဥသျှစ်ပင်မြို့အနီးက တိုက်ပွဲကို စစ်ကောင်စီက ဥသျှစ်ပင်မြို့နှင့် ပြည်မြို့ဘက်က စစ်ကူများပေးပို့ကာ ခုခံနေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ် ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။
လေကြောင်းပစ်ခတ်မှုများဖြင့်လည်း စစ်ကောင်စီက ခုခံနေပြီး အာရက္ခတပ်တော် AA ၏ ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်မှာ ဆက်လက်ပြင်းထန်ကာ စစ်ကောင်စီတပ်သားများမှာ တပ်ဆုတ်ပေးနေရခြင်းဖြစ်သည်။
1 Comment
mh1lno
Comments are closed.