အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းအရ ရခိုင်ပြည်အတွင်း အမျိုးသမီး ၂၄ ဦးနှင့် အမျိုးသား ၂၁ ဦး သေဆုံးသွားခဲ့ရသည်ဟု AAPP က မတ်လ ၁၁ ရက်တွင် ပြောသည်။
ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးခဲ့သည်ကို AAPP က အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုလည်း ပြောဆိုထားသည်။
ထိုအထဲတွင် အသက် ၂ နှစ်အရွယ် ကလေးငယ် (အမျိုးသား) တစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၂ ဦးပါဝင်ကြောင်းနှင့် သေဆုံးသူများအနက် ၄၀ ဦးမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။
ယခု အချက်အလက်သည် AAPP က လက်လှမ်းမှီသလောက် စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုစာရင်းထက် များပြားနိုင်ကြောင်းလည်း ပြောသည်။
၂၀၂၁ အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ မတ်လ ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သား ၆၄၀၀ ဦး သေဆုံးခဲ့ရသလို ၂၈၈၁၂ ဦးမှာ မတရားဖမ်းဆီးခံခဲ့ရသည်ဟု AAPP က ပြောသည်။
ဖမ်းဆီးခံရသူ ၂၈၈၁၂ ဦးအထဲမှ ၂၂၀၃၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၁၀၅၉၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။