အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း
ဇော်ထွန်း (မြောက်ဦး)_ရေးသည် ■ သမိုင်းကို အနည်းငယ်ပြန်လှန်ခြင်း ၁၅ ရာစု ရခိုင့်ဘုရင့်နိုင်ငံတော်ကို ရွှေခေတ်ဟု တင်စားသုံးနှုန်းကြလေ့ရှိကြသည်။ တင်စား၍ ရလောက်အောင်လည်း ဂုဏ်သတင်းကျော်စောခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဩဇာတိက္ကမကြီးမား ခြင်းတို့ရှိခဲ့သည်။ ထိုခေတ်က ဘုရင့်နေပြည်တော် မြောက်ဦးမြို့တွင် ဘာသာစုံ၊ လူမျိုးစုံတို့ ကူးလူးဆက်ဆံ နေထိုင်ခဲ့ကြသည်သာမက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကိုပင် အာဏာပိုင်တို့က ခွင့်ပြုခဲ့ကြသည်။ ဘုရင်ကိုယ်တိုင် ခွင့်ပြုတည်ဆောက်ပေးခဲ့သော မြောက်ဦးမြို့အရှေ့ဖက် ပရိန်တောင်တန်းအနီးရှိ သံသီကန်ဗလီနှင့် မြောက်ဦးမြို့အနောက်တောင်ဖက် ဒိုင်းဂျီကမ်းရှိ ခရာစ်ယာန်ဘုရားရှိခိုးကျောင်းတို့က သက်သေတည်လျက်ရှိသည်။ တနည်းဆိုရလျှင် မြောက်ဦး မင်းနေပြည်တော်ကြီးသည် ဗဟုယဉ်ကျေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးခြင်းသည် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်ပြီး ကြီးပွားတိုးတက်ခြင်းကလည်း