ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ
(သတ်မှတ်အချိန်အတွင်း ကာကွယ်ဆေးမထိုးရပါက တခြားရောဂါများ ကူးစက်လာနိုင်ခြေရှိ) ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ကလေးငယ်များအား ကာကွယ်ဆေး တာဝန်ယူထိုးပေးမည့်သူ မရှိဖြစ်နေသည်ဟု မြောက်ဦးဒေသခံ အသက် ၁ နှစ်ကျော် ကလေးမိခင်တစ်ဦးက ပြောသည်။ ” ကျမ ကလေးက ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်လခန့်က တစ်ကြိမ်ထိုးရမယ့်ဟာ အခုထက်ထိ မထိုးရသေးဘူး။ ဆေးရုံ၊ ဆေးခန်းလည်း မဖွင့်တော့ ဘယ်မှာ ထိုးရမလဲ မသိဘူး။ အရင်ကာကွယ်ဆေးထိုးပေးနေကျ ရပ်ကွက် သူနာပြုတွေ မေးကြည့်တော့လည်း မသိဘူးလို့ ပြောတယ်။