Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို ပြာကျစေရန် ရည်ရွယ်ချက်ရှိရှိ အာဏာသိမ်း စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲခဲ့
မေလ ၈ ရက်နေ့က ဗုံး ၃ လုံးထက်မနည်းနှင့် မေလ ၉ ရက်နေ့က ဗုံး ၆ လုံးထက်မနည်း ကြဲချခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို နေအိမ်နှင့် ဈေးဆိုင်ခန်း အများအပြား ပျက်စီးခဲ့သည့်ပုံ(Photo-CJ

(Fact Check)

ရခိုင်ပြည် ဘူးသီးတောင်မြို့နှင့်ပတ်သက်၍ သတင်းအမှား၊ ဓါတ်ပုံအမှားများကို လူမှုကွန်စာမျက်များတွင် အမှားဖြန့်နေခြင်းနှင့် သတင်းဌာနတချို့တွင် သတင်းအမှားရေးသားခြင်း၊ ဓါတ်ပုံအမှား အသုံးပြုနေသည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က မီးရှို့ဖျက်ဆီးသည်ဆိုသော သတင်းအမှားများနှင့် မီးလောင်နေသည့် မြင်ကွင်းအဖြစ် ဓါတ်ပုံအသုံးပြုရာတွင် ဘူးသီးတောင်မြို့ ဓါတ်ပုံမဟုတ်ဘဲ အခြားသော မီးလောင်နေသည့်ပုံကို ဘူးသီးတောင်မြို့ မီးလောင်နေသည့်ပုံစံမျိုးဖြင့် သတင်းအမှား၊ ဓါတ်ပုံအမှားများကို ဖြန့်ဝေနေကြသည်။

DVB သတင်းဌာန၏ English ဝက်ဆိုက်စာမျက်နှာတွင် ဘူးသီးတောင်မြို့နှင့် ပတ်သက်ပြီး ရေးသားထားသော သတင်းနှစ်ပုဒ်မှာ အသုံးပြုထားသည့် ဓါတ်ပုံသည် ဘူးသီးတောင်မြို့ ဓါတ်ပုံမဟုတ်ဘဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်သွားသော ကျောက်ဖြူမြို့နယ် စနဲမြို့ ဓါတ်ပုံဖြစ်သည်။

ဓါတ်ပုံစာတန်းကို ယခုကဲ့သို့ “A screengrab from a DVB TV News report on arson in Buthidaung town, which has been occurring since May 17. (Credit: DVB)” ရေးသားထားသည်။

DVB ရေးသားထားသော ဓါတ်ပုံစာတန်းမှာ စနဲမြို့ပုံကို ဘူးသီးတောင်မြို့ထဲက မီးလောင်နေသည့် ပုံစံမျိုးအသွင်ဆောင် ရေးသားထားပြီး အဖြစ်အပျက်လုံးဝမတူသော ပုံကို အသုံးပြုထားခြင်းသည် ပဋိပက္ခကို ပိုမိုကြီးထွားစေခြင်းနှင့် UN အပါအဝင် နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့များထံသို့ သတင်းအမှားများ ရောက်ရှိသွားစေသည်။

DVB English စာမျက်နှာက အသုံးပြုထားသော ဓါတ်ပုံသည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို မေလ ၉ ရက်နေ့က စစ်ကောင်စီတပ်က ဗုံး ၆ လုံးထက်မနည်း ကြဲချခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို နေအိမ်နှင့် ဈေးဆိုင်ခန်း အများအပြားပျက်စီးခဲ့သည့် ဓါတ်ပုံဖြစ်သည်။

အလားတူ RFA Burmese တွင် မေ ၁၈ ရက်နေ့တွင်ဘူးသီတောင်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ သုံးဆယ်ခန့်သေဆုံး” ခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့ရာတွင် ဓါတ်ပုံအမှား အသုံးပြုခဲ့သည်ကို တွေ့ရသည်။

RFA Burmese ၏ ပုံစာတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ရွာ မီးလောင် နေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် မနက် ၄ နာရီတွင် တွေ့ ရစဉ် (Photo: Citizen Journalist) ဆိုပြီး ချင်းပြည်နယ် မင်းတပ်မြို့ ဝမ္မသူးဆေးရုံ မီးလောင်နေသည့်ပုံကို ၇ နာရီကျော်ကြာ ဖော်ပြခဲ့သည်။

အဆိုပါ ဓါတ်ပုံအား မှားယွင်းဖော်ပြထားသည့်အတွက် ပြန်လည်ပြင်ဆင်ထားကြောင်း RFA Burmese က ပြန်လည်ဖော်ပြခဲ့သည်။

ထို့အပြင် BBC Burmese သတင်းဌာနကလည်း မေ ၁၈ ရက်နေ့ “မီးရှို့ခံရလို့ တစ်မြို့လုံးနီးပါး မီးလောင်ပြာသွားတဲ့ ဘူးသီးတောင်” ဆိုကာ ဝမ္မသူးဆေးရုံ မီးလောင်နေသည်ကို ဖော်ပြခဲ့ပြီး ၆ နာရီကျော်အကြာတွင် အဆိုပါ ဓါတ်ပုံအား ပြန်လည် ဖြုတ်ချခဲ့သည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှန်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ညက လေယာဉ်ဖြၚ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသနေသူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပုံဖြစ်သည်။

သတင်းအမှား၊ အမှန်ကို သေချာစိစစ်ပြီး ပဋိပက္ခမဖြစ်အောင် တင်ဆက်ထုတ်လွှင့်သင့်ကြောင်း ရခိုင်ပြည်အရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာများတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်နေသည့် ဝါရင့် သတင်းသမားတစ်ဦးက အကြံပြုပြောသည်။

” အခုကာလက အရမ်းကို ထိရှလွယ်တဲ့ ကိစ္စဖြစ်တယ်။ မြေပြင်အခြေအနေကို သတင်းတင်ဆက်တာတွေ လုပ်တဲ့အခါမှာ သေချာစိစစ်ဖို့ လိုပါတယ်။ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တုန်းက သတင်းအမှားတွေ တင်ခဲ့လို့၊ ဓါတ်ပုံအမှားတွေ တင်ဆက်ခဲ့လို့ ပဋိပက္ခတွေ ပိုဖြစ်ပွားတယ်။ မီးစက ဖြည်းဖြည်းနဲ့ လောင်ကျွမ်းပြီးတော့ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်သွားခဲ့တယ်။ ဒါကို တော်တော်လေးကို စိစစ်ပြီး သတိထားပြီးတော့ တင်ဆက်တာတွေ ထုတ်လွှင့်တာတွေ လုပ်သင့်တယ်။ အဖွဲ့အစည်းတစ်ခုက စတိတ်မန့်တစ်ခုတည်း ထုတ်ရုံနဲ့ သတင်းထုတ်လွှင့်တာတွေ တင်ဆက်တာတွေမလုပ်ဖို့ လိုပါတယ်။ မိမိသတင်းဌာနအနေဖြင့် သေချာ စိစစ်ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွန်ကလည်း သတင်းအမှား၊ ဓါတ်ပုံအမှား အသုံးပြုထားသည်ကို သိထားသော်လည်း သူ၏ Facebook လူမှုကွန်ရက်တွင် မျှဝေထားသည်ကို တွေ့ရသည်။

စစ်ကောင်စီ လော်ဘီများ၏ Facebook ၊ တယ်လီဂရမ် စာမျက်နှာများတွင်လည်း ဘူးသီးတောင်၊ မောင်တော အခြေအနေနှင့်ပတ်သက်ပြီး သတင်းအမှားများ ဖြန့်ဝေခြင်း၊ ဓါတ်ပုံအမှားများ ဖြန့်ဝေခြင်းကို ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ဆက်တိုက်ပြုလုပ်လာသည်။

ဆက်စပ်သတင်းများ