ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုနှစ်ရှိသည့်အနက် ၁၀ မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ချင်းပြည်နယ်ထဲက ပလက်ဝမြို့နှင့်ဆို ၁၁ မြို့အထိ သိမ်းထားပြီဖြစ်သည်။
သို့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိသည့် အမ်းမြို့၊ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့် မြို့တော်စစ်တွေ၊ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူ၊ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် ရှိသည့် တောင်ကုတ်မြို့ စသဖြင့် မြို့တော်ကြီးများကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သည်။
ယင်းအပြင် မာန်အောင်၊ ဂွ၊ မောင်တော ဒေသများမှာလည်း စစ်အင်အား အများအပြားဖြင့် စစ်ကောင်စီရှိနေဆဲဖြစ်သည်။
လက်ရှိ အမ်း၊ မောင်တော၊ ဂွနှင့် တောင်ကုတ် ဒေသများမှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြပြီး အမ်းနှင့် မောင်တောမှာ နောက်ဆုံးအဆင့် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီး သူကျကိုယ်ကျ အခြေအနေသို့ ရောက်ရှိနေသည်။
ရခိုင်ဒေသကို လက်လွှတ်မဆုံးရှုံးရစေရန် မြန်မာစစ်တပ်အတွက် အဓိက အရေးကြီးဆုံးသော တပ်ရင်းအများအပြားရှိရာ အမ်းမြို့နှင့် စစ်တွေမြို့ထဲက အမ်းမြို့သိမ်းတိုက်ပွဲကို AA က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။
ဗျူဟာကုန်းများ၊ တပ်ရင်းတပ်စခန်း အများအပြားကို AA က သိမ်းပိုက်ထားပြီး အမ်းတိုက်ပွဲတွင် AA က စစ်ရေးအသာစီးရနေ၍ အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျဆုံးသွားပါက ရခိုင်ပြည်အတွင်း အာဏာချိန်ခွင်သည် ပြောင်းသွားနိုင်ခြေရှိသည်ဟု ပြောဆိုနေကြသည်။
ရေတပ်ရှိရာ စစ်တွေ၊ ကျောက်ဖြူကိုလည်း အာရက္ခတပ်တော် AA က အလွယ်တကူ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်သည့်အတွက် အမ်းမြို့နှင့် နပခ သာ ကျရှုံးပါက စစ်ကောင်စီသည် AA နှင့် နိုင်ငံရေးအရ အပေးအယူ ပြုလုပ်ခြင်း သို့မဟုတ် နိုင်ငံရေးစကားဝိုင်းများ ထိုင်ဆွေးနွေးနိုင်သည့် အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှု ရှိနေကြသည်။
ရခိုင်ပြည်၏ အာဏာချိန်ခွင်အတွက် အလွန်အရေးပါသော မြန်မာစစ်တပ်အတွက်လည်း အလွန်အရေးပါသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျရှုံးသွားလျှင် ရခိုင့်အာဏာချိန်ခွင်မှာ မည်ကဲ့သို့ ဖြစ်သွားမည်ကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ယခုလိုသုံးသပ်ပြောဆိုထားသည်။
“အဲဒါကတော့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်ကတော့ ရခိုင်တပြည်လုံးကို သိမ်းမှာပါပဲ။ အဲဒီလို စစ်ရေးမှန်းချက်ပါ။ ရခိုင်တပြည်လုံးကို သိမ်းပြီးခါမှ နိုင်ငံရေးရည်မှန်းချက်အတိုင်း သူ့ဘက်က (AA) လုပ်ဆောင်ဖို့။ ဘာဖြစ်လို့လဲဆိုတော့ သူက ခွဲထွက်မှာ မဟုတ်ဘူးလို့ ပြောထားတဲ့အခါ။ ဖက်ဒရေးရှင်း၊ ကွန်ဖန်ဒရေးရှင်းကို AA က ရအောင်တောင်းမှာ ယူမှာဖြစ်တယ်။ အဲဒီအချိန်ကျရင် အာဏာရှိတဲ့သူနဲ့ အပေးအယူလုပ်ရမယ်လို့ ထင်တယ်။ အခုအချိန်မှာတော့ နိုင်ငံရေးဆွေးနွေးဖို့လမ်းကြောင်းကိုတော့ အာရက္ခတပ်တော်ဖက်က ချပြတာမရှိသေးဘူး။ ဒါပေမယ့် AA မှာ အတိုင်းအတာတစ်ခုအထိ သိမ်းထားပြီဆိုတော့ အဲဒီလို ကိုယ်ဒေသအတွက် အပေးအယူဆွေးနွေးဖို့ တစ်ခုတော့ ဖြစ်လာဖို့ ယူဆပါတယ်” ဟု ပြောသည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီမှာ နောက်ဆုံးအချိန်အထိ မနိုင်တော့မှန်းသိသော်လည်း ရေတပ်အားကိုးဖြင့် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်ကျွန်းတို့ကနေ ခုခံစစ်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဦးဖေသန်း၏ ဆက်လက်သုံးသပ်ချက်မှာ “ဟိုဖက်ကတော့ ကမ်းလှမ်းလာဖို့မထင်။ စစ်ကောင်စီဖက်ကတော့ ကမ်းလှမ်းလာဖို့မထင်ဘူး။ သို့သော်လည်း တချိန်ချိန်မှာတော့ ဒီကိစ္စက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေးလာရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည် တပြည်နဲ့လည်း စစ်ရေးက မပြီးဆုံးသေးဘူး။ တစ်နိုင်ငံလုံးစစ်ရေးအခြေအနေတွေကလည်း ကောင်းဖို့လိုပါတယ်။ အဲဒီလိုမျိုးသာဆို ဖိအားပေးတာ၊ ဆွေးနွေးရတာ ကောင်းပါတယ်။ ရခိုင်ပြည်မှာတော့ ကိုယ့်အားသာချက်နဲ့ကိုယ်ပါ။ အာရက္ခတပ်တော်လည်းရှိတယ်။ နယ်မြေအများအပြားကိုလည်း သိမ်းထားပြီဆိုတော့ စစ်ကောင်စီဖက်က မဆွေးနွေးရင်လည်း လောလောဆယ်မှာ အရမ်းကြီးပြဿနာမရှိဘူးထင်တယ်။ နောင်တစ်ချိန်ချိန်မှာတော့ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။