Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ စီစဉ်သော ရခိုင်ပညာရေးစနစ်တွင် သမိုင်းဘာသာရပ်ကို ရခိုင့်သမိုင်း အဓိကထား သင်ကြားမည်ဖြစ်၍ မြန်မာ့သမိုင်းသင်ကြားမှုကို ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။

AA ပညာရေးဌာန အသိုင်းအဝိုင်းထဲက ဦးဆောင်သူတစ်ဦးနှင့် Western News တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုထားခြင်းဖြစ်သည်။

“ဘာသာရပ်တွေက သိပ်အပြောင်းအလဲမရှိဘူး။ သမိုင်းဘာသာရပ်လောက်ပဲ လောလောဆယ် အပြောင်းအလဲရှိမယ်။ မြန်မာ့သမိုင်းကို သင်ကြားမှု ယာယီရပ်ဆိုင်းထားတယ်။ ရခိုင့်သမိုင်းကို အစားထိုးမယ်ပေါ့လေ။ သမိုင်းဘာသာရပ်မှာ ရခိုင့်သမိုင်းတွေ ပါမယ်။ ကမ္ဘာ့သမိုင်းတွေပါမယ်။ ကမ္ဘာ့သမိုင်းထဲမှာ မြန်မာသမိုင်းလည်း ပါသွားမယ် အဲလိုသဘောတော့ စီစဉ်ထားပါတယ်။ လောလောဆယ်က ရေးဆွဲနေတုန်းပါ” ဟု ပြောသည်။

ရခိုင့်သမိုင်းထဲတွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့က အဓိကအကြောင်းအရာများ ပါဝင်မည်ဖြစ်ပြီး တခြားသော မျိုးနွယ်စုများ၏ သမိုင်းများလည်း ပါဝင်မည်ဟု အကြမ်းအားဖြင့် သိထားကြောင်း ၎င်းက ဆိုသည်။

AA ပညာရေးဌာနက ရခိုင်ပညာရေးစနစ်ကို မည်သို့ အကောင်းအထည်ဖော်မည်၊ မည်သည့်ဘာသာရပ်များပါဝင်မည်၊ သင်ရိုးညွှန်းတမ်းများကို မည်သို့ ရေးဆွဲထားသည်ကို တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

သို့သော်လည်း ရခိုင်ပြည်အတွင်း လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို ရခိုင်စာပေဖြင့် သင်ကြားမည်ဟု တာဝန်ရှိသူများက ပြောဆိုထားကြပြီး ဆရာ၊ ဆရာမများကိုလည်း ခေါ်ယူနေကြောင်း သိရသည်။

အမည်မဖော်လိုသည့် AA ဦးဆောင်သော ပညာရေးဌာန တာဝန်ရှိသူတစ်ဦးက “အာရက္ခဒေသမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို စနစ်တကျ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ ဆရာ၊ ဆရာမ တွေ လိုပါတယ်။ ကလေးတွေကို သေချာ သင်ပြနိုင်ဖို့ ဆရာ၊ ဆရာမတွေကို သင်တန်းပေးတာတွေ အရင်လုပ်ရမှာဆိုတော့ အခု ကတည်းကနေ ခေါ်ယူနေတာပေါ့နော်။ စစ်ကောင်စီဆီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ဖြစ်၊ ပြင်ပမှာ သီးခြား သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဖြစ်ဖြစ် သက်ဆိုင်ရာ မြို့နယ်အလိုက်မှာ စာရင်းပေးနိုင်ပါတယ်။ အာရက္ခပညာရေးစနစ်ကို အကောင်းဆုံး အကောင်အထည်ဖော်ကြဖို့ အကုန်လုံးကို ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

ရခိုင်စာပေဖြင့် သင်ကြားမည့် ပညာရေးသင်ရိုးညွှန်းတမ်းများကို အာရက္ခတပ်တော် AA ပညာရေးဌာနက ပြီးခဲ့သည့် ၂ နှစ်ထဲက စတင်၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး မကြာခင် ပြီးနိုင်တော့မည်ဟု သိရသည်။

ပညာရေးသင်ရိုးများ ပြောင်းလဲလာမည်နှင့်ပတ်သက်၍ မြောက်ဦးမြို့နယ်မှ ကျောင်းဆရာမ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ရခိုင်စာပေနဲ့ သင်မယ်။ စာတွေပြောင်းမယ်ဆိုတာကို ကြားတော့ ကြားမိထားပါတယ်။ တကယ်သင်ဖြစ်လာမယ်ဆိုရင်တော့ ဒါက ဆရာဆရာမတွေအတွက် စိန်ခေါ်မှုတစ်ခုတော့ ဖြစ်လာမှာပေါ့လေ။ ဘယ်လိုအခြေနေ ရှိတယ်ဆိုတာ ကိုယ်တိုင်လည်း ဘာမှမသိတော့ တိတိကျကျတော့ မပြောနိုင်သေးဘူး” ဟု ဆိုသည်။

၂၀၂၃ တကျော့ပြန် တိုက်ပွဲများကြောင့် ရပ်နားခဲ့ရသည့် ရခိုင်ပြည်အတွင်း ပညာသင်ကြားရေးကို အာရက္ခတပ်တော် AA က ၂၀၂၄ နှစ်လယ်ပိုင်းတွင် စာသင်ကျောင်း၌မဟုတ်ဘဲ ပြင်ပသင်ကြားမှုပုံစံဖြင့် နေအိမ်အဆောက်အဦးများတွင် ပြုလုပ်ပေးခဲ့သည်။

ထိုအချိန်ကစ၍ အာရက္ခတပ်တော် AA သည် စစ်ကောင်စီ ပညာရေးစနစ်ကို ဖျက်သိမ်းပြီး ရခိုင်စာပေဖြင့် အစားထိုးသင်ကြားမှုကို အစပြုနေခဲ့ပြီဖြစ်သည်။

“စစ်ကောင်စီ ပညာရေးစနစ်ကို ဖျက်သိမ်းထားတာက ကြာပြီပေါ့နော်။ မြို့သိမ်းပြီးတဲ့နောက်မှာ ကလေးတွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပြီး ပညာရေးကို ဆက်လက်သင်ကြားပေးနေခဲ့တာရှိပါတယ်။ ရခိုင်အသုံးအနှုန်းနဲ့ လုပ်ထားတဲ့ ရခိုင်စာပေကို အစားထိုး သင်နေခဲ့တာတော့ ရှိပါတယ်။ အခုလာမယ့် ပညာသင်နှစ်မှာတော့ အတန်းတွေ အကုန်လုံးကို ရခိုင်စာပေနဲ့ပဲ သင်ကြားပေးတော့မယ်ပေါ့နော်” ဟု AA ပညာရေးဌာနမှ နောက်ထပ် တစ်ဦးက ပြောသည်။

လက်ရှိ ပညာသင်ကြားရေးအခြေနေနှင့် ပတ်သက်၍ မြောက်ဦးရောက် စစ်တွေမြို့နယ်မှ စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးက “သားနှစ်ယောက်က Grade-9 နဲ့ Grade-10 မှာ တက်နေတာ။ သူတို့ပညာရေးအတွက်တော့ စိုးရိမ်မိတာတော့ အမှန်ပါပဲ။ အခုဆို ကျောင်းမတက်ချင်တော့ဘူးလို့ ပြောတာ များလာကြတယ်။ သူတို့ဆန္ဒကိုလည်း နားလည်းပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ဘာမှ ရေရေရာရာမပြနိုင်တော့ ခက်ရတယ်။ ခု ရခိုင်စာပေအစားထိုးသင်မယ်လို့ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် စာပြောင်းတာထက် ကလေးတွေပညာရေးမှာ အာမခံချက်တွေရဖို့က ပိုအရေးကြီးတယ်လို့မြင်တယ်” ဟု ပြောသည်။

လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရခိုင်က ကျောင်းဆရာ၊ ဆရာများကို AA အနေဖြင့် လစာပေးမည်မဟုတ်ဘဲ ကျောင်းသားမိဘများကသာ လစဉ် ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဟု စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA က လစာငွေကြေးများ မပေးအပ်သော်လည်း ထောက်ပံ့ကြေးအနေဖြင့် ဆန်နှင့် အခြားသော ရိက္ခာများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားကြောင်း စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA ဦးဆောင်သော ရခိုင့်ပညာရေးစနစ်မှာ မည်သို့မည်ပုံ ဖြစ်လာမည်ကို ကျောင်းဆရာ၊ ဆရာများနှင့် ကျောင်းသားမိဘများမှာ အလွန်စိတ်ဝင်စားနေကြပြီး ပညာရေးအာမခံချက်အတွက်လည်း စိုးရိမ်မှုများ ရှိနေကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ