သံတွဲမြို့ပေါ်နှင့် အခြားနေရာများတွင် စစ်ဘေးရှောင်နေရသော ငပလီကမ်းခြေက ဒေသခံပြည်သူများက နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပေးရန် အာရက္ခတပ်တော် AA ကို တောင်းဆိုနေကြသည်။
ငပလီကမ်းခြေအနီးက နန်းချောင်းကျေးရွာကို ဒေသခံပြည်သူများကို နေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပြုထားပြီဖြစ်၍ ငပလီကမ်းခြေက ကျေးရွာများကိုလည်း ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပြုပေးသင့်ပြီဟု ငပလီဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကိုယ့်ဒေသ ကိုယ့်လူမျိုး ကောင်းစားဖို့ အေးချမ်းဖို့ တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို လေးစားပါတယ်။ တခြား သံတွဲမြို့နယ်ထဲက နေရာတော်တော်များများ ပြန်ဝင်ရောက်နေထိုင်ခွင့် ရပြီးကြပါပြီ။ ငပလီကမ်းခြေနဲ့ အနီးစပ်ဆုံး နန်းချောင်းရွာတို့ ဘာတို့လည်း ပြန်နေထိုင်ခွင့်ရပြီ ပြောကြပါတယ်။ ဒါပေမယ့် ကမ်းခြေတလျှောက် ၅ မိုင် ပတ်လည်လောက်ပဲရှိတဲ့ နေရာတွေကြ ဘာလို့ဝင်မရတာလဲပေါ့ရှင့်” ဟု ပြောသည်။
ငပလီကမ်းခြေက မဇင်၊ ဇီးဖြူကုန်း၊ မြပြင်၊ လင်းသာ၊ ဂျိတ္တော စသည့် ကျေးရွာများက ဒေသခံပြည်သူများမှာ နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
“တချို့လူတွေကတော့ မိုင်းမရှင်းလင်းရသေးလို့ ဝင်ခွင့်မပြုသေးတာတို့ ဘာတို့ ပြောနေကြပါတယ်။ ဒါပေမယ့် မိုင်းမရှိတဲ့ နေရာတွေလည်း ရှိမှာဆိုတော့လေ။ တခြားနေရာမှာ စစ်ရှောင်နဲ့ နေရတာက ရေရှည်က အဆင်မပြေဘူးပေါ့လေ။ ကိုယ့်အိမ်မှာကိုယ် ပြန်နေပြီးတော့ လုပ်ကိုင်စားသောက်ချင်တာပါ။ ကျနော်တို့ကို တာဝန်ရှိတဲ့သူတွေအနေနဲ့ ပြန်လည်နေထိုင်ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်” ဟု ဂျိတ္တော ဒေသခံတစ်ဦးက ပြောသည်။



အာရက္ခတပ်တော် AA ၏ မြေပြင်တာဝန်ရှိသူများနှင့် နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက ယခုကဲ့သို့ သုံးသပ်ထားသည်။
“အဓိကတော့ မိုင်းအန္တရာယ်တွေနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ထင်ပါတယ်။ ငပလီကမ်းခြေက ရွာထဲမှာ စစ်ကောင်စီနဲ့ အပြင်းအထန်ကို တိုက်ပွဲတွေ ဖြစ်ခဲ့ကြတော့လေ။ စစ်ကောင်စီတပ်သားတွေ ထောင်ထားခဲ့တဲ့ မိုင်းတွေက နေရာတိုင်းမှာ ရှိနိုင်တာပေါ့လေ။ AA ဖက်ကလည်း မိုင်းရှင်းလင်းတာတွေ လုပ်နေပေမယ့် အကုန်လုံးတော့ မရှင်းလင်းရသေးဘူး ထင်ပါတယ်။ ပြီးတော့ လေကြောင်းပေါ့လေ။ ငပလီကမ်းခြေမှာက စစ်တပ်နဲ့နီးစပ်တဲ့ ဟိုတယ်တွေ အများကြီးဆိုတော့ မစားရတဲ့အသည်း သဲနဲ့ပက်သလိုပေါ့လေ။ လေကြောင်းတိုက်ခိုက်မှုက အချိန်မရွေးရှိနိုင်တယ်ပေါ့လေ။ ဒါ့ကြောင့် အချိန်ယူနေရတယ် ထင်ပါတယ်” ဟု ပြောသည်။
Western News ၏ စုံစမ်းချက်အရ အာရက္ခတပ်တော် AA ၏ မြေပြင်တာဝန်ရှိသူများအနေဖြင့် ငပလီကမ်းခြေက ပြည်သူများကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့် လာမည့်လများအတွင်း ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
လက်ရှိ ငပလီကမ်းခြေက ကျေးရွာများတွင် သူခိုးများကြောင့် နေအိမ်များ ပျက်စီးသွားခြင်း၊ တံခါးများမရှိတော့ခြင်းနှင့် မီတာပေါက်စ်များ မရှိတော့သည်အထိ ဖြစ်ပွားနေသည်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသည်။
ထိုကြောင့် မိမိ၏ နေအိမ်များကို အမြန်ဆုံးပြန်လည်ဝင်ရောက် နေထိုင်ခွင့်ကို လိုလားနေကြခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဘဝဖြင့် ရေရှည်အဆင်မပြေသည့်အတွက် အမြန်ဆုံး ခွင့်ပြုပေးရန် ငပလီဒေသခံများက တောင်းဆိုနေကြခြင်းဖြစ်သည်။