ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် ဖမ်းဆီးရမိသော ငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA က ပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီက မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် ၁၄၄ ရပ်ကွက် ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်ခုက မူးယစ်ဆေးဝါး ၁ ဒသမ ၂ တန် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။
ယင်းဖြစ်စဉ်မှာ သန်းလွင်၊ ဝေယျာအောင်၊ သန့်ကောင်းဆက်၊ ရဲရင့်နိုင်နှင့် လှသန်းဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို “ဝ” ဒေသ ပန်ဆန်းမြို့နေ တင်မောင်ဝင်းက ရန်ကုန်သို့ ပို့ပြီး သန်းလွင်မှ တာဝန်ခံကာ ရောင်းဝယ်ဖောက်ကားကြောင်း စစ်ကောင်စီက ပြောသည်။
သန်းလွင်ထံမှ တစ်ဆင့် ယူပြီး ပြန်လည်ရောင်းချသည့် ဟိန်းစည်သူ (ခ) ထင်လင်းပြည့်နှင့် တင်လှ တို့ကိုလည်း သာကေတနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) တို့တွင် သတင်းကွင်းဆက်အရ ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ဆက်လက်ပြီး သတင်းအရ လိုက်လံစစ်ဆေးရာ မတ်လ ၆ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင်နေထိုင်သူ ကျော်ကျော်သိန်းထံမှ မူးယစ်ဆေးဝါး ၁ ဒသမ ၂၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ မလေးရှားပင်လယ်ရေပြင်သို့ ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် စီမံခန့်ခွဲသူမှာ အာရက္ခတပ်တော် AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့် တို့ဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲ ထုတ်ပြန်ထားသည်။
ရဲဝင်းနှင့် မသီတာမြင့်တို့က ရွှေကောင်းသာ စက်လှေကို အသုံးပြုပြီး ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားပင်လယ်ရေပြင်းသို့ မင်းမင်းစိုး ဆိုသူအား ပို့ဆောင်ခိုင်းသည်ဟု စစ်ကောင်စီက ဆိုသည်။
မင်းမင်းစိုးအား ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ဖမ်းဆီးရမိထားပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေကောင်းသာ စက်လှေဖြင့် မလေးရှားပင်လယ်ရေပြင်သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည်ဟု မင်းမင်းစိုးက ဝန်ခံထားကြောင်း သိရသည်။
ဆက်လက် စုံစမ်းရာ မင်းမင်းစိုးနှင့်အတူ မလေးရှားပင်လယ်ရေပြင်သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ခဲ့သူ မျိုးမင်းစိုး (ခ) ကိုမျိုး ကိုလည်း မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။
မျိုးမင်းစိုး (ခ) ကိုမျိုး အား ဖမ်းဆီးရာတွင် ၎င်းနေထိုင်ခဲ့သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၉ ရပ်ကွက်ရှိ နေအိမ်မှ မူးယစ်ဆေးဝါး ၁ တန် ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး စုံစမ်းစစ်ဆေးရာ ကျော်ဝေထွန်း၊ သိန်းထွန်း၊ ရန်ရှင်းအောင်နှင့် ဇော်ဇော်အောင် တို့ကိုလည်း ရွှေကောင်းသာ စက်လှေနှင့်အတူ ဆိပ်ကြီးခနောင်တို မြို့နယ် ဆမားဒူးဝါအပိုင်း ၄ ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါး ကွင်းဆက်အမှုတွင် စုစုပေါင်း ဒေသ ကာလတန်ဖိုး ငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယခု မူးယစ်ဆေးဝါးအမှုတွင် စွပ်စွဲခံထားရသည့် အာရက္ခတပ်တော် AA စီးပွားရေးတာဝန်ခံဟု ဆိုသော ရဲဝင်းနှင့် ၎င်း၏ဇနီး မသီတာမြင့်တို့မှာ တန့်ယင်း၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များ ဖွင့်လှစ်ထားပြီး ခရီးသည်တင်ကား ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်ဟု စစ်ကောင်စီက ဆိုသည်။
ရဲဝင်းနှင့် မသီတာမြင့်တို့ ပိုင်ဆိုင်မှုများသည် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းဝယ်ခြင်းတို့မှ ရရှိထားသော အကျိုးအမြတ်များ ဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု ပြောသည်။
ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနှင့် မသီတာမြင့်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့အား ဖမ်းဆီး ရရှိထားခြင်း ရှိမရှိကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
စစ်ကောင်စီ စွပ်စွဲထားသော မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA က ပါဝင်ပတ်သက်ခြင်း ရှိမရှိနှင့် ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။