ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ရန်ကုန်တိုင်း သာကေတမြို့မှာ ပြန်ပေးဆွဲခံခဲ့ရသည့် ရွှေဆိုင်ပိုင်ရှင် ရခိုင်အမျိုးသမီး ယနေ့ မတ်လ ၁၉ ရက် နေ့လယ်တွင် ပြန်လည် လွတ်မြောက်လာကြောင်း နီးစပ်သူများက အတည်ပြုထားကြသည်။
ပြန်ပေးဆွဲခံရသည့် အမျိုးသမီးမှာ ရခိုင်ပြည် မာန်အောင်မြို့နယ် သိမ္ဗလကျေးရွာက ဒေါ်စန္ဒာလင်း ဖြစ်ပြီး ရန်ကုန်တိုင်း သာကေတမြို့နယ် တူပါရုံ ၂၂ လမ်းတွင် နေထိုင်သူဖြစ်ပြီး ရွှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။
သာကေတမြို့နယ် အမှတ် (၁) ဈေးတွင် ဖွင့်လှစ်ထားသည့် လင်းလက်ရွှေစင်အမည်ရှိ ရွှေဆိုင်အား ဆိုင်ဖွင့်ရန် သွားစဉ် ထူပါရုံ ၂၂ လမ်းထိပ်အရောက်တွင် မျက်နှာဖုံးစွပ် လူ ၄ ဦးက Alphard ကားအဖြူရောင် ကားတစ်စီးဖြင့် ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။
“မစန္ဒာလင်း ဒီနေ့ နေ့လယ်က ပြန်လွတ်လာပါတယ်။ လူအထိအခိုက်မရှိဘဲ ပြန်လွတ်လာပါတယ်။ ငွေတွေ၊ ပစ္စည်းတွေက ယူထားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်အန္တရာယ်မရှိဘဲ ပြန်လွတ်လာတော့ ဝမ်းသာပါတယ်။ ပြန်ပေးဆွဲတဲ့ သူတွေကို ရဲတွေက ရှာနေပါတယ်။ မနက်ဖြန်မှ စခန်းမှာ ရှင်းရမှာဖြစ်ပါတယ်။ အဲဒီအခါကျမှာ အကြောင်းစုံကို သိရမှာပါ” ဟု ဒေါ်စန္ဒာလင်းနှင့် နီးစပ်သူက ပြောသည်။
ဒေါ်စန္ဒာလင်းနှင့် အတူပါသွားသည့် ရွှေငွေများကို ပြန်ပေးဆွဲသူများက ယူဆောင်ထားပြီး ပစ္စည်းတန်းဖိုးနှင့် မည်သည့်ပစ္စည်းများ ပါသွားသည်ကို အဆိုပါနီးစပ်သူ ပြောဆိုခဲ့ခြင်းမရှိပေ။
ဒေါ်စန္ဒာလင်းမှာ ပြန်ပေးဆွဲခံရချိန်က အနီးအနားက လူများကို အော်ဟစ်အကူအညီ တောင်းခံခဲ့သော်လည်း ပြန်ပေးဆွဲသူများက ခြိမ်းခြောက်မှုကြောင့် အနီးအနားက လူများက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
“မစန္ဒာလင်းက ကားပေါ်သို့ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ အနီးအနားက ကူပါ၊ ကယ်ပါ။ ကူညီကြပါလို့ အော်ဟစ် အကူအညီ တောင်းခဲ့ကြပါတယ်။ ဘေးနားက လူတွေလည်း ကူဖို့ လုပ်ပေမယ့် ပြန်ပေးဆွဲသူတွေက မဆိုင်သူတွေ ဝင်မပါနဲ့ ထိခိုက်မယ်နော်ဆိုပြီး ခြိမ်းခြောက်လို့ မကူလိုက်နိုင်ကြဘူး။ မျက်နှာဖုံးလည်း စွပ်ထားတော့ ဘယ်သူဘယ်ဝါဆိုတာကို မသိရဘူး” ဟု အဆိုပါ နီးစပ်သူက ဆက်ပြောပြသည်။
ပြန်ပေးဆွဲသူများမှာ ဒေါ်စန္ဒာလင်းအား ပြန်ပေးမဆွဲမီ ရက်ပိုင်းအလိုကတည်းက နေ့စဉ်နှင့်အမျှ Alphard ကားအဖြူတစ်စီးမှာ သွားလာစောင့်ကြည့်မှုများ ရှိခဲ့ကြကြောင်း ၎င်းက ပြောသည်။
အသေးစိတ် သိရှိနိုင်ရန် ကာယကံရှင် ဒေါ်စန္ဒာလင်းနှင့် အဆက်အသွယ် ရရှိရန် Western News က ကြိုးပမ်းနေပြီး ပြန်လည်လွတ်မြောက်လာသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။