Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

Western News| မတ် ၂၀

ရန်ကုန်တိုင်းအတွင်းဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် AA ပါဝင်သည်ဟု စွပ်စွဲချက်အပေါ် လုံးဝပါဝင်ပတ်သက်ခြင်း မရှိကြောင်း AA က ယမန်နေ့ မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်း ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း ဆိုသော အမည်ရှိ ပါဝင်သည်ဟု မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ဝါဒဖြန့်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသော မူးယစ်ဆေးဝါး ဖမ်းမိသည့်အမှုတွင် AA အနေဖြင့် မည်သို့မျှ ဆက်စပ်မှု မရှိဆိုသည်ကို အတိအလင်း ပြတ်သားစွာ ပြောကြားလိုသည်ဟု AA က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး အမှုတွင် AA ကို မဆီမဆိုင် အတင်းယိုးစွပ်သည့် စွပ်စွဲချက် သည် ယုတ္တိလုံးဝ မရှိသည့်အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဆိုသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအလယ်တွင် အရှက်ရနေချိန် ရှက်ရမ်း ရမ်းကာ AA အဖွဲ့အား အငြိုးအတေးကြီးစွာဖြင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုအဖြစ် ရှုမြင်သုံးသပ်ကြောင်း AA က ထုတ်ပြန်သည်။
ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စရပ်အပြင် ခေတ်သစ် အွန်လိုင်း လိမ်လည်လောင်းကစား ကျားဖျန့်လုပ်ငန်းများမှာ စစ်ကောင်စီ၏ ထိန်းချုပ် နေရာများတွင်သာ တွေ့ရပြီး စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်နေသည်ကို တွေ့ရသည်ဟု AA က ဆိုသည်။

ယခုမူးယစ်ဆေးဝါးအမှုတွင်လည်း စစ်ကောင်စီ၏ စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်ပတ်သက်နေပြီး ၎င်းတို့လက်ချက်သာ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း စစ်ရှုံးနေသည့်အချိန်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ULA/AA အား စွပ်စွဲနေခြင်းသည် နိုင်ငံရေး အောက်လုံးများဖြင့် အချိန်ကိုက်ထိုးနှက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု AA က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ