Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ် စစ်တွေ သင်္ကြန်ပွဲတော်အား တွေ့ရစဉ်။ (ဓါတ်ပုံ - ဦးလှသိန်း)

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်မြို့နယ်များတွင် ၂၀၂၅ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ပြည်နယ် စစ်ကောင်စီအဖွဲ့သည် ညှိနှိုင်းဆွေးနွေးမှုများ စတင်နေပြီဟု ရခိုင်ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားသည်။

ယခုနှစ် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မှာ သင်္ကြန်ကျမည်လား ခေါင်းစဉ်ဖြင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ယမန်နေ့ မတ်လ ၁၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ထုတ်ဖော် ပြောဆိုထားသည်။

“ဒီနှစ် စစ်တွေမှာ သင်္ကြန်ကျမှာလား။ ရိုးရာသင်္ကြန် ဒြပ်မဲ့ကမ္ဘာအသိအမှတ်ပြု ရခိုင်တို့သင်္ကြန်၊ မြန်မာတို့သင်္ကြန်၊ တိုင်းရင်းသားတို့သင်္ကြန်၊ အရေးပါတဲ့ သင်္ကြန်ပွဲ စစ်တွေမှာနွှဲကြရအောင်၊ နံ့သာသွေးပွဲ၊ သက်ကြီးပူဇော်ပွဲတွေလဲ ပါဝင်ပါမယ်” ဟု ပြောဆိုထားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဦးဆောင်သော ပြည်နယ်စစ်ကောင်စီအဖွဲ့သည် မတ်လ ၁၈ ရက်နေ့က လုပ်ငန်းညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီဟုလည်း ဦးလှသိန်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီပိုင် မီဒီယာများတွင်‌ ရခိုင်မှာ သင်္ကြန်ပွဲ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များသည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈ ရက်တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်တွေမြို့အနီး တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲက မြို့တွင်းအထိ ရောက်လုပ်ဆဲဆဲ ဖြစ်နေသည့်အချိန်တွင် စစ်ကောင်စီက သင်္ကြန်ကျင်းပခြင်းသည် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို မျက်ကွယ်ပြုနေခြင်း ဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲ စစ်တွေမြို့နဲ့ အလွန်နီးကပ်လာပြီ။ ဘယ်တော့ မြို့ထဲ တိုက်ပွဲဖြစ်လာမလဲ စိုးရိမ်နေရတဲ့ အချိန်မှာ သင်္ကြန်ကျင်းပတာက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို မျက်ကွယ်ပြုတာပဲ ဖြစ်ပါတယ်။ ပြီးတော့ စားစရာမရှိလို့ ထမင်းငတ်နေတဲ့ ဒုက္ခသည်တွေ ထောင်ချီပြီး ရှိနေတယ်။ အသက်ရှင်ရပ်တည်ဖို့ အရမ်း ခက်ခဲနေတဲ့အချိန်မှာ သင်္ကြန်မှာ ပိုက်ဆံတွေ ဖြုန်းတီးဖို့ လုပ်နေတယ်။ သင်္ကြန်မှာ ကုန်ကျမယ့် ပိုက်ဆံတွေကို ဒုက္ခသည်တွေကို ဆန်နဲ့ စားသောက်ကုန်တွေ ထောက်ပံ့ပေးစေချင်ပါတယ်” ဟု ပြောသည်။

အဘက်ဘက်က ပိတ်ဆို့ခံထားရ၍ စားဝတ်နေရေးကျပ်တည်ပြီး အသက်အန္တရာယ် စိုးရိမ်နေရသည့်အချိန်တွင် ပျော်ပွဲရွှင်ပွဲကို ပြည်သူများက စိတ်ဝင်စားမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

နေ့စဉ်နှင့်အမျှ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု ရှိနေသည့်အချိန်တွင် သင်္ကြန်ပွဲကျင်းပခြင်းက အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်ထားသည်နှင့်တူကြောင်း နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ် လုပ်နေတယ်။ ဒီအချိန်မှာ သင်္ကြန်ပွဲတော်ကို ကျင်းပတာက ပြည်သူတွေကို အစုလိုက်အပြုံလိုက် သေဖို့ ရည်ရွယ်ထားသလိုပါပဲ။ သင်္ကြန်လျှောက်လည်တဲ့အချိန် လက်နက်ကြီး မှားယွင်းပြီး ကျလာရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက တာဝန်ယူမလဲ။ ဒါ့ကြောင့် စစ်တွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်မှာ မပူးပေါင်းကြဖို့ ကိုယ့်အိမ်မှာကိုယ် နေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရခိုင်တပြည်လုံး၊ မြန်မာတစ်နိုင်ငံလုံး ဆင်းရဲဒုက္ခတွင်း ရောက်နေတဲ့အချိန်မှာ ကိုယ်တို့တွေက ပျော်ရွှင်နေလို့ မရဘူး။ ဒုက္ခရောက်နေတဲ့ သူတွေကို မစာနာရာ ရောက်မယ်။ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲကို မသွားကြဖို့ပဲ အဓိက ပြောချင်ပါတယ်” ဟု ပြောသည်။

ပြည်နယ်စစ်ကောင်စီအဖွဲဲ့သည် စစ်တွေမြို့ တစ်ခုတည်းမဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင်လည်း သင်္ကြန်ပွဲတော် ကျင်းပရန် စီစဉ်ပြင်ဆင်လျက်ရှိနေသည်။

ထိုကဲ့သို့ သင်္ကြန်ပွဲတော် ကျင်းပလာပါက ပြည်သူများစုဝေးရာနေရာများသို့ စစ်ကောင်စီ၏ ဗုံး သို့မဟုတ် လက်နက်ကြီး ကျရောက်လာလျှင် အာရက္ခတပ်တော် AA ကို ထိုးချ ပြစ်တင်နိုင်ကြောင်းလည်း သုံးသပ်သူများက ပြောဆိုကြသည်။

လက်ရှိ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အနီးတို့တွင် နေ့စဉ်နှင့်အမျှ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့မှာ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး မြို့ထဲပိတ်မိနေကြသည့် ပြည်သူလူထုများမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေကြသည့် အချိန်လည်းဖြစ်သည်။

စစ်တွေမြို့မှာဆိုလျှင် သင်္ဘောကြီးများကို ငှားရမ်း၍ ရန်ကုန်မြို့သို့ စစ်ရှောင်နေကြပြီး ကျောက်ဖြူမြို့တွင်လည်း လေကြောင်းကို အသုံးပြု၍ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ သူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲမြို့၊ ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက် ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ