အမျိုးသမီးတစ်ဦး၏ တိုင်ကြားချက်ဖြင့် ရခိုင်ပြည် မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာက အရပ်သားနှစ်ဦးကို သေနတ်ထောက်ပြီး အာရက္ခတပ်တော် AA မင်းပြားမြို့နယ် ရာမောင်ရဲစခန်းမှူး ဦးကျော်ကျော်သန်းက ဖမ်းဆီးသွားကြောင်း သိရသည်။
မတ်လ ၁၈ ရက်နေ့က စခန်းမှူး ဦးကျော်ကျော်သန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၃ ဦးက အုပ်ချုပ်ရေးမှူးနေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။
စခန်းမှူး ဦးကျော်ကျော်သန်း ဦးဆောင်သော ရဲတပ်အဖွဲ့သည် တိုင်ကြားသူ အမျိုးသမီး၏ နေအိမ်တွင် နေ့လယ်စာ ထမင်းစားပြီးနောက် ကျည်ထိုးထားသော သေနတ်ဖြင့် ချိန်ပြီး ရွာသားနှစ်ဦးအား ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက “မတ်လ ၁၈ ရက်နေ့က ညနေ ၃ နာရီလောက်ရှိမယ်။ စခန်းမှူးကျော်ကျော်သန်းရယ်။ ပြီးတော့ ရဲတပ်သား နှစ်ယောက်ပါတယ်။ ဘာမှ မပြောမဆိုဘဲ၊ အသင့် ကျည်ထိုးပြီးတော့ အိမ်ထဲဝင်လာပြီးတော့။ စခန်းလိုက်ခဲ့ဆိုပြီးတော့ အတင်းရိုက်နှက်ပြီးတော့ ခေါ်ဆောင်သွားတယ်။ မိသားစုတွေ၊ ရွာက လူကြီးတွေ ဘာမှ မေးလို့ မရလိုက်ဘူး။ စက်လှေနဲ့ ရာမောင်စခန်းကို ခေါ်သွားတယ်” ဟု ပြောသည်။
ULA/AA ၏ ရာမောင်စခန်းမှူး ဦးကျော်ကျော်သန်းက ဖမ်းဆီးထားသော ရွာသားနှစ်ဦးကို စခန်းမှူး ဦးစိန်သာ ဦးဆောင်သည့် မင်းပြားမြို့မရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီး လက်ရှိတွင် မင်းပြားမြို့မရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။
“ကျမတို့ ဒီနေ့ နံနက်ပိုင်းက မင်းပြားရဲစခန်းကို သွားတယ်။ ကျမတို့ လူနဲ့ တွေ့ခွင့်တောင်းတယ်။ စခန်း စာရေးက တွေ့ခွင့်မရဘူးလို့ ပြောတယ်။ ကျမတို့ ပြန်လာရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိခဲ့ရဘူး” ဟု ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦးမှာ တံခွန်တိုင်ကျေးရွာက ULA/AA က ခန့်အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လုံးနှင့် ဆယ်အိမ်မှူး ဦးမောင်သန်းနွယ် တို့ဖြစ်ပြီး အိမ်တက်မှု (ပိုင်နက်ကျူးကျော်မှု) ဖြင့် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တိုင်းကြားထားကြောင်း သိရသည်။



ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တံခွန်တိုင်ရွာသားတစ်ဦးက ပြောသည်။
“တန်ဆောင်မုန်းလပြည့်နေ့က ကျေးရွာအတွင်း ဆူပူအော်ဟစ်မှုတွေရှိလို့ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတို့မှာ ရွာထဲ လှည့်လည် ဟန့်တားကြတယ်။ အဲဒီနေ့က တိုင်ကြားသူ အမျိုးသမီး အိမ်ရှေ့လည်း ရောက်ခဲ့တယ်လို့ပြောတယ်။ သူတို့ကြားမှာ ဘာဖြစ်ခဲ့ကြတယ်ဆိုတာကို အသေးစိတ် မသိရဘူး။ တိုင်ကြားသူ အမျိုးသမီးကတော့ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးကို ရာမောင်စခန်းမှူး ဦးကျော်ကျော်သန်းဆီမှာ အိမ်တက်မှုနဲ့ တိုင်ကြားထားတယ်လို့ သိရတယ်” ဟု ပြောသည်။
ဖြစ်စဉ် အသေးစိတ်သိရှိနိုင်ရန် တိုင်ကြားသူအမျိုးသမီးအား Western News မှ ဆက်သွယ်နေဆဲဖြစ်ပြီး လတ်တလောတွင် အဆက်အသွယ် မရရှိသေးပေ။
ရာမောင်စခန်းမှူး ဦးကျော်ကျော်သန်းနှင့် တိုင်ကြားသူ အမျိုးသမီးတို့မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် ယခုမှ လာရောက် ဖမ်းဆီးခြင်းသည် သံသယဖြစ်ဖွယ်ကောင်းသည်ဟု တံခွန်တိုင်ရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။
“ဖြစ်တာက ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ အဲ့ဒါကို အခုမှလာပြီးတော့ ပြဿာနာရှာပြီးတော့ ဖမ်းတာပါ။ အဲ့ဒီ အမျိုးသမီးနဲ့ စခန်းမှူး ကျော်ကျော်သန်း ပုဂ္ဂိုလ်ရေးအရ တအားခင်ကြတော့ အငြိုးနဲ့ လုပ်ကြတာပါ။ ဘယ်သူ ဘာလဲဆိုတာက ရွာကလူတွေ အကုန်သိတယ်” ဟု ရွာလူကြီးတစ်ဦးက ပြောဆိုထားခြင်းဖြစ်သည်။
တံခွန်တိုင် ကျေးရွာအုပ်ချုပ်မှူးနှင့် ဆယ်အိမ်မှူးတို့ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များနှင့် ရွာလူကြီးများက ရာမောင်စခန်းမှူး ဦးကျော်ကျော်သန်း ထံ သွားရောက် တွေ့ဆုံ ညှိနှိုင်းသော်လည်း အဆင်မပြေကြောင်း သိရသည်။
“မင်းပြားရဲစခန်း မပို့ခင် ရာမောင်စခန်းမှူး ဦးကျော်ကျော်သန်းဆီကို ကျောင်းတကာတွေ၊ ရွာလူကြီးတွေနဲ့ ကျမတို့ သွားရောက်ညှိနှိုင်းခဲ့တယ်။ ပြန်လည်လွှတ်ပေးဖို့ ပြောတယ်။ ဦးကျော်ကျော်သန်းက အာမခံနဲ့ လွှတ်ပေးမယ်ပြောတယ်။ အာမခံကြေး ကျပ်သိန်း ၇၀၀ နဲ့ လက်မှတ်ထိုးခိုင်းတယ်။ အဲဒါနဲ့ ညှိနှိုင်းလို့ အဆင်မပြေခဲ့ဘူး။ ကျမတို့က အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး” ဟု ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောဆိုထားခြင်းဖြစ်သည်။
တံခွန်တိုင်ကျေးရွာသားများကလည်း အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
တံခွန်တိုင် ကျေးရွာသားတစ်ဦးက “ULA/AA က ခန့်ထားတဲ အုပ်ချုပ်ရေးမှူးကို ဒီလို မတရားဖမ်းလို့ မရဘူး။ သူ့မှာ ဘာအပြစ်ရှိတယ်ဆိုတာကို ကျနော်တို့ ရွာကလူကြီးတွေ၊ ကျောင်းတကာတွေ၊ တကာမတွေ ရှိတယ်။ ကျောင်းထိုင်းဘုန်းကြီးတွေ ရှိတယ်။ ဒီအတိုင်းဘာမှ မပြောမဆိုဘဲ၊ လူတစ်ယောက်ရဲ့ တိုင်ကြားမှုအပေါ် သေနတ်အားကိုးပြီးတော့ မိုက်မိုက်ရိုင်းရိုင်း ဖမ်းဆီးသွားတာကတော့ လုံးဝမဖြစ်သင့်ဘူး။ ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
မတ်လ ၁၈ ရက်နေ့ ညနေက ဖမ်းဆီးသွားသော တံခွန်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့မှာ ယခု မတ်လ ၂၁ ရက်နေ့အထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးဘဲ မိသားစုဝင်များဖြင့်လည်း တွေ့ခွင့်မပေးကြောင်း သိရသည်။
အဆိုပါ အမှုကိစ္စအား မင်းပြားမြို့မရဲစခန်းက မည်သို့ ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန် Western News က မင်းပြားမြို့ ULA/ AA ၏ ရဲစခန်းမှူး ဦးစိန်သာကို ဆက်သွယ်နေဆဲဖြစ်ပြီး လတ်တလောတွင် အဆက်အသွယ် မရရှိသေးပေ။