အာရက္ခတပ်တော် AA ထိန်းချုပ်သော ရခိုင်ပြည်အတွင်းက မြို့နယ်အချို့မှာ ကုန်ဈေးနှုန်း ယခုလအတွင်းက စ၍ ထက်ဝက်ကျော်ခန့် ကျဆင်းသွားကြောင်း ကုန်သည်များနှင့် စားသုံးသူများထံမှ သိရသည်။
စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း နှစ်မျိုးစလုံးမှာ ထက်ဝက်ကျော်ခန့် ကျဆင်းသွားခြင်းဖြစ်ပြီး ကုန်သည်များမှာ ကုန်စည်များကို အိန္ဒိယ၊ ပြည်မနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရရာနည်းလမ်းများဖြင့် ရခိုင်ကို တင်သွင်းကြသည်။
မြောက်ဦးမြို့မှ အမျိုးသမီး ဈေးသည်တစ်ဦးက “အိန္ဒိယဘက်ကလာတဲ့ ကုန်တွေရော၊ ပြည်မဘက်က ကုန်တွေရော ဒီလတွေထဲ စျေးကျတယ်။ တစ်ချို့ဆို တစ်ဝက်လောက် ကျသွားတာတွေ ရှိတယ်။ တစ်ခြားကုန်တွေထက် စားကုန်က အဓိက စျေးကျတာ” ဟု ပြောသည်။
လက်ရှိ ရခိုင်မြို့နယ်အများစု၏ စားသောက်ကုန်စျေးနှုန်းများမှာ ၂၀၂၅ အစပိုင်းလများထဲက တစ်ပိဿာ ၅၀၀၀၀ ကျပ်ခန့်ရှိခဲ့သည့် ဒေသထွက် ငရုတ်သီးမှာ လက်ရှိ ၂၅၀၀၀ ကျပ်၊ တစ်ဗူး ၄၀၀၀ ကျပ်ရှိခဲ့သည့် ဟင်းချိုမှုန့်မှာ လက်ရှိ ၂၈၀၀ ကျပ်၊ တစ်ပိဿာ ၂၈၀၀၀ ကျပ်ရှိခဲ့သည့် အိန္ဒိယငရုတ်သီးမှာ လက်ရှိ ၁၈၀၀၀ ကျပ်၊ နို့ဆီဘူး တစ်ဘူး ၃၀၀၀ ကျပ်ရှိခဲ့သည့် ငရုတ်ကောင်းမှာ လက်ရှိ ၁၂၀၀ ကျပ်တို့ဖြစ်သည်။
၁၀၀၀ ကျပ်ရှိခဲ့သည့် ကြက်ဥတစ်လုံးကို လက်ရှိ ၆၀၀ ကျပ်၊ ၁၁၀၀၀ ကျပ်ရှိခဲ့သည့် အိန္ဒိယစားဆီ တစ်ဗူးကို လက်ရှိ ၈၅၀၀ ကျပ်၊ တစ်ပိဿာ ၄၀၀၀၀ ကျပ်ရှိခဲ့သည့် ကြက်သွန်ဖြူမှာ လက်ရှိ ၃၀၀၀၀ ကျပ်၊ တစ်ပိဿာ ၄၀၀၀၀ ကျပ်ရှိခဲ့သည့် ကြက်သွန်နီမှာ လက်ရှိ ၁၀၀၀၀ ကျပ် စသဖြင့် အသီးသီး ပြောင်းလဲ သွားကြသည်။
စားသောက်ကုန်အပြင် လူသုံးကုန်များထဲမှ အချို့ဖြစ်ပစ္စည်းများဖြစ်သည့် အဝတ်အထည်နှင့် အလှကုန်ပစ္စည်းများမှာလည်း စျေးနှုန်းကျဆင်းမှုများရှိကြောင်း ကုန်သည်များနှင့် ဈေးသည်များထံမှ သိရသည်။
ထိုသို့ ကျဆင်းသွားသည်မှာ ပုံမှန်မဟုတ်ကြောင်းနှင့် ကုန်သည်များ၏ ဈေးချခြင်းကြောင့်သာ ကုန်ဈေးနှုန်း ကျဆင်းသွားခြင်းဖြစ် ပြည်မမှ ကုန်စည်များ သယ်ယူနေသူ ကုန်သည်တစ်ဦးက Western News ကို ပြောသည်။
“ဒီဘက်ကို ကုန်တွေသယ်ရတာက ဘယ်ပစ္စည်းပဲ တင်တင် ကားတစ်စီးစာဆိုရင် ပစ္စည်းဖိုး၊ သယ်ယူစရိတ်၊ အခွန်အခတွေနဲ့ ပေါင်းရင် စျေးနှုန်းသတ်မှတ်ချက် တစ်ခုတည်းနဲ့ သယ်ရတာမျိူးဖြစ်တယ်။ ဒီတော့ ဒီကိုရောက်တာနဲ့ ပစ္စည်းတွေ ရောင်းတဲ့အခါမှာ ပထမ ရောင်းထွက်သွားတဲ့ ပစ္စည်းတွေထဲက အရင်းရော၊ အမြတ်ရော ရထားပြီဆိုရင် ကျန်တဲ့ပစ္စည်းတွေကို သတ်မှတ်စျေးရယ်လို့ မဟုတ်တော့ဘဲ ကုန်သည်တွေက ကျတဲ့စျေးနဲ့ ချရောင်းလိုက်တာတွေရှိတယ်။ အဲ့ကြားမှာ အဲ့ပစ္စည်းတွေက စျေးကျဆင်းသွားတာမျိုးတွေဖြစ်တာ။ တကယ်တော့ စျေးက ကျတာမဟုတ်ဘူး။ ချပြီးရောင်းလိုက်တာမျိုးကြောင့် ဖြစ်နေတာ” ဟု ပြောသည်။



ကုန်သည်များ၏ ထိုကဲ့သို့ စျေးနှုန်းချ၍ ရောင်းချမှုများကို စားသုံးသူ ပြည်သူများက ဝမ်းသာအားရ ကြိုဆိုနေကြသော်လည်း တစ်ဆင့်ယူရောင်းချသည့် ဈေးသည်များမှာ အခက်အခဲ ဖြစ်ရသည်ဟု ပြောသည်။
“စျေးက သတ်သတ်မှတ်မှတ် မရှိတော့ အချိန်ယူပြီး ရောင်းရတဲ့ ကျမတို့လို ဆိုင်သည်တွေဆိုရင် အခက်တွေ့ရတယ်။ ပထမ ဝယ်လိုက်တဲ့ပစ္စည်းတွေ ရောင်းမထွက်သေးဘူး။ အဲ့ပစ္စည်းတွေ စျေးကျနေတာမျိုးတွေနဲ့ ခဏခဏကြုံလာရတယ်။ တကယ်တော့ မူရင်းက ကျတာမဟုတ်ဘူး။ ကုန်သည်တွေက သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေသလို ရောင်းနေကြရင်းဖြစ်တာ” ဟု ပြောသည်။
လက်ရှိ စျေးနှုန်းကျဆင်းသည့် လူသုံးကုန်ပစ္စည်းများထဲတွင် ပိတ်စအထည်များ ပါဝင်သော်လည်း တခြားအသင့်ချုပ် အဝတ်အထည်များမှာ စျေးနှုန်းကျဆင်းခြင်းမရှိကြောင်း ကုန်သည်များက ပြောသည်။
တိုက်ပွဲကြောင့် ရခိုင်သို့ ကုန်စည်သယ်ယူရာ လမ်းကြောင်းများအားလုံးကို စစ်ကောင်စီမှ ပိတ်ဆို့ လိုက်ပြီးနောက်ပိုင်း ရခိုင်တွင် ကုန်စည်စျေးနှုန်း အဆမတန် မြင့်တက်မှုဖြင့် ကြုံနေကြရသည့်အတွက် ဒေသနေသူများမှာ များစွာအခက်တွေ့လျှက် ရှိနေကြရသည်။
ထိုကဲ့သို့ အဆမတန်မြင့်တက်နေသည့် စျေးနှုန်းများထဲမှ စားသောက်ကုန်စည်နှင့် ကုန်ပစ္စည်းအချို့မှာ စျေးနှုန်း ၂ ဆကျော်ခန့် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းနေထိုင်သူများမှာ စျေးနှုန်းများ ထပ်မံကျ ဆင်းလာရန် မျှော်လင့်နေကြခြင်းဖြစ်သည်။