Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စူမြို့နယ် ပါရချူလမ်းမကြီး ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက် သေဆုံးသွားကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်အချိန် ဘန်ကောက်မြို့တွင် မြေအောက်လှိုဏ်ဂူအတွင်း ရေမြောင်းသန့်ရှင်းရေး လုပ်နေစဉ်တွင် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က ပြောသည်။

ထိုင်းရောက် မြန်မာအလုပ်သမားကို အကူအညီပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က “အောက်ဆီဂျင်ပြတ်လပ်တဲ့ နေရာမှာ မီးရှော့ခ်လိုက်ပြီး သေသွားတာ။ လုံခြုံရေး အားနည်းတာပေါ့။ ထိုင်းဥပဒေအရ သေဆုံးရင် ပတ်စ်ပို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နစ်နာကြေးလက်ခံမယ့် သူက မိသားစုဝင်ဖြစ်မယ်၊ အဖေအမေ၊ ဒါမှမဟုတ် သန်းခေါင်စာရင်းတူရင် ထိုင်းဥပဒေအရ လျှော်ကြေး ဘတ် ၇ သိန်း ၈ သောင်းပေးရမယ်လို့ ကြေညာထားတယ်။ သေချာတာက နစ်နာကြေး ပေးကို ပေးရမယ် ” ဟုပြောသည်။

သေဆုံးသူများမှာ အသက် ၃၅ နှစ်အရွယ် ကိုလင်းနိုင်နှင့် အသက် ၃၀ အရွယ် ကိုမင်းလွင်ဝင်းတို့ ဖြစ်ကြပြီး ယင်းအထဲက တစ်ဦးမှာ MoU နှင့် လာခြင်းဖြစ်ပြီး နောက်တစ်ဦးမှာ ထိုင်းရောက်ရှိနေသည် ကြာပြီး ဟု သိရသည်။

၎င်းတို့ နှစ်ဦးအတွက် နစ်နာကြေးရရှိရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အကယ်၍ နစ်နာကြေးပေးရန် အလုပ်ရှင်က နှောင့်နှေးကြန့်ကြာနေပါက ထိုင်းဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင်မူ သေဆုံးသူများ၏ ရုပ်အလောင်းသွားရောက်ထုတ်ယူရန် စီစဉ်နေပြီး ဆက်လက် စီစဉ်ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၁၅ ရက်နေ့ကလည်း ဘန်ကောက်မြို့ ဖလန်စောင် အဝေးပြေးလမ်းပြိုကျမှုကြောင့် မြန်မာ ၄ ဦးနှင့် ထိုင်း နိုင်ငံသား ၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား ၂ ဦး သေဆုံး မှုအတွက် သက်ဆိုင်ရာ ကုမ္ပဏီက လျှော်ကြေးပေးသည်။

သို့သော်လည်း လက်ရှိ အချိန်အထိ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးမှုအတွက် လျှော်ကြေး မရရှိသေးဘဲ နစ်နာကြေးရရှိရေးအတွက် မိသားစုဝင်များနှင့်အတူ လိုက်လံ ကူညီစောင်ရွက်ပေးနေကြောင်း AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးလှခိုင်က ပြောသည်။

ရန်ကုန်ခေတ်သစ်သည် Western News မဟာမိတ် ဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ