Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော်လည်း မြေပြင်တိုက်ပွဲအခြေအနေများကြောင့် စီမံကိန်းမှာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟု သုံးသပ်သူများက ပြောသည်။

စစ်ကောင်စီအဖွဲ့သည် တရုတ်နှင့် ပူးပေါင်းပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့ကြသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ ဦးဆောင်ကာ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာအစိုးရအသိအမှတ်ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်းထားတဲ့ Kyauk Phyu SEZ Consortium Company Limited နဲ့ တရုတ်နိုင်ငံဘက်မှ CITIC Consortium တို့အကြား နီးနီးကပ်ကပ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမယ်” ဟု မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားခဲ့သည်။

တိုက်ပွဲများမှာ ပိုပြီး ပြင်းထန်လာနိုင်သည့်အတွက် အာဏာသိမ်း စစ်ကောင်စီက အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝေဟင်အောင်က ပြောသည်။

သို့သော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြုလုပ်မည့် စီမံကိန်းအနီးတစ်ဝိုက်နှင့် တရုတ်စီမံကိန်းများရှိသည့် မဒေးကျွန်းတစ်ဖက်ကမ်းတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိနေသည်။

“စီမံကိန်းက အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးဗျ။ ဒီလောက် စစ်ဖြစ်နေတဲ့ နေရာကြီးမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ဆိုတာက တရုတ်အနေနဲ့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် စစ်ကောင်စီကနေပြီးတော့ တရုတ်ကိုသွားပြီးတော့ မတ်လုံးပေးတယ်နဲ့ တူပါတယ်။ ပြောရရင် တရုတ်ကနေပြီးတော့ အာရက္ခတပ်တော်ဖက်ကို ပါသွားမှာစိုးတဲ့အတွက် စစ်ကောင်စီက ပုံစံတမျိုးနဲ့ တရုတ်ကို ချဉ်းကပ်တာပေါ့။ ခင်ဗျားတို့ ဒါလုပ်က ကျနော်တို့က ဒါကို ကာကွယ်ပေးပါမယ်ဆိုပြီးတော့ စစ်ကောင်စီက သံတမန်ရေးအရ တရုတ်ကို မက်လုံးပေးတာပါ။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ကျ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ကျောက်ဖြူကနေ တရုတ်သို့ သွယ်တန်းထားသော ရွှေဂတ်စ် ပိုက်လိုင်းမှာ အာရက္ခတပ်တော် AA ထိန်းချုပ်သော ဒေသတွင် ရှိနေသလို စစ်ကောင်စီ ထိန်းချုပ်ဒေသတွင်လည်း ပိုက်လိုင်း တစ်ချို့တစ်ဝက် ရှိနေသေးသည်။

တရုတ်အနေဖြင့် စစ်ကောင်စီဖက်သို့လည်း ပါမှာမဟုတ်လို အာရက္ခတပ်တော်ဖက်သို့လည်း ပါမှာမဟုတ်ဘဲ စောင့်ကြည့်နေသည့်အဆင့်တွင် တရုတ်ရှိနေကြောင်း ဦးဝေဟင်အောင်က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၀၈ အောက်မှာပဲ စီမံကိန်းတွေ အကောင်အထည်ဖော်မယ်လို့ သူတို့ ပြောတာပဲလေ။ ဒါပေမယ့် ဘာမှ အကောင်အထည်ဖော်လာတာ မတွေ့ရဘူး။ စစ်ကောင်စီဟာ သူကိုယ်တိုင်က အသက်ငင်တဲ့ အနေအထားမှာလေ။ ရခိုင်မှာဆိုရင် စစ်ကောင်စီရဲ့ အာဏာစက်ဟာ ဘာမှ မရှိတော့ဘူး။ သူတို့ အုပ်ချုပ်လို့ မရတော့ဘူး။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဖော်ဆောင်ဖို့ဆိုတဲ့ဟာမျိုးက စစ်ကောင်စီဟာ မြို့ပေါ်၊ ဂတ်စ်ပိုက်လိုင်းနဲ့ ရေနက်ဆိပ်ကမ်းလောက်မှာပဲ စိုးမိုးထားတဲ့ အနေအထားလောက်ပါပဲ။ တခြားနေရာတွေမှာ လမ်းတောင်မှ ခြေချနိုင်တဲ့ အနေအထားမဟုတ်ဘူး။ ဘယ်လိုနည်းနဲ့မှ ဒီစီမံကိန်းက အထမြောက်မှာ မဟုတ်ဘူး” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာရက္ခတပ်တော် AA ထံ စစ်ရှုံးနေပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တိုကိုလည်း လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သည့်အတွက် ငါးမရလျှင် တွင်းဖျက် ပုံစံဖြင့် စစ်ကောင်စီသည် ကျောက်ဖြူက စီမံကိန်းများကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်ကြောင်းလည်း ဦးမျိုးကျော်က ပြောသည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း မည်သည့် ရင်းနှီးမြှုပ်နှံမှုများကိုမဆို ကြိုဆိုလျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားလုံးကို အကာအကွယ်ပေးသွားမည်ဟု ၂၀၂၄ ခုနှစ်က ထုတ်ပြန်ချက်ထုတ်ကာ ပြောဆိုထားခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ