ရေပိုင်နက်ကျူးကျော်မှုဖြင့် ဖမ်းဆီးထားသော ထိုင်းရေလုပ်သား ၄ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးတို့ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
၎င်းတို့ ၇ဦးကို မတ်လ ၂၇ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ယနေ့ မတ်လ ၁၈ ရက်ထုတ် ဝါဒဖြင့်သတင်းစာများက ဖော်ပြသည်။
ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံသား အသက် ၆၈ နှစ်အရွယ် ဆူနန်မောင့်ဂွတ်ထုန်၊ အသက် ၆၁ နှစ်အရွယ် ဆွန်ပေါ့ ဝိဝပ်၊ အသက် ၆၄ နှစ် အရွယ် ဌာဝန် ဖရော့မင်မစ်နှင့် အသက်၆၉ နှစ်အရွယ် ဝိရွတ် စဖန်ထုန်နခွန် တို့ ဖြစ်သည်။
ထို့အပြင် ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးမှာ Mr. Jayson Corprz Jaramilla, Mrs. Sun Shine Rivera နှင့် Mrs. Magdalena Vicente တို့ဖြစ်သည်။
၎င်းတို့ကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ် ပေးလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ပြောသည်။
ထိုင်းဝန်ကြီးချုပ် ဖယ်ထုန်တန် ရှင်နာဝပ်ကလည်း “နှစ်နိုင်ငံ အကြိမ်ကြိမ်ဆွေးနွေးမှု ရလဒ်ဖြစ်ထိုင်း ရေလုပ်သားလေးဦး ပြန်လွှတ်လာပါပြီ။ သူတို့မိသားစုတွေ နဲ့ အမြန်ဆုံးပြန်တွေ့ဆုံနိုင်အောင် စီစဉ်ပေးသွားပါမယ်” ၎င်း၏ Facebook လူမှုကွန်ရက်မှာရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ က ထိုင်းငါးဖမ်းစက်လှေ ၁၅ စီးခန့်သည် မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းနေချိန် စစ်ကောင်စီရေတပ် စစ်သင်္ဘော ၃ စီးက ပစ်ခတ်မှုကြောင့် ၁ဦးထိခိုက်ဒဏ်ရာရပြီး ငါးဖမ်းစက်လှေ ၂ စီး ဖမ်းဆီးခံခဲ့ရသည်။
ယင်းဖမ်းစီးမှုဖြစ်စဉ်အတွင်း စစ်ကောင်စီရေတပ်က သေနတ်ပစ်ဖောက် ဖမ်းဆီးခြင်းဖြစ်၍ ထိုင်းရေလုပ်သား ၂ နှစ်ဦး သေဆုံးခဲ့ရသည်။
ထိုင်းရေလုပ်သား ၄ ဦးနှင့်အတူ အဆိုပါစက်လှေအတွင်း နိုင်ငံသား ၂၇ ဦးလည်းပါဝင်ပြီး ၎င်းတို့ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်များဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးမှာ မည်သည့်အချိန်က ဖမ်းဆီးထားခြင်းကို စစ်ကောင်စီက ဖော်ပြထားခြင်းမရှိ၍ မည်သည့်ပြစ်မှုများကို ကျူးလွန်ခဲ့သည်ကို မသိရပေ။
မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလအတွင်း ကျင်းပမည့် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ရှိပြီး ယင်းအစည်းအဝေး မတိုင်မီ ထိုင်းရေလုပ်သားများကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။