Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရမည်းသင်း ဗလီပြိုကျမှုတွင် သေဆုံးခဲ့ကြသည့် အစ္စလမ်ဘာသာဝင်များ၏ ရုပ်အလောင်းများအား တွေ့ရစဉ်။
ပုံစာ - ရမည်းသင်း ဗလီပြိုကျမှုတွင် သေဆုံးခဲ့ကြသည့် အစ္စလမ်ဘာသာဝင်များ၏ ရုပ်အလောင်းများအား တွေ့ရစဉ်။

မြန်မာနိုင်ငံအနှံ့ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်သွား၍ ဗလီ ၅၀ ထက်မနည်း ပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။

ယမန်နေ့ မတ်လ ၂၈ ရက် သောကြာနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်း တို့ကို ဗဟုပြု၍ ငလျင်လှုပ်ခတ် သွားခဲ့ခြင်းဖြစ်သည်။

ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုများကြောင့် လတ်တလော စာရင်းများအရ သေဆုံးသူ ၃၀၀ နီးပါးရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ဗလီများအောက်တွင် အလောင်းများစွာ ရှိနေသည့်အတွက် အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။

“မန္တလေး အမြောက်တန်းဗလီမှာလည်း ပိနေတာတွေ အရမ်းများတယ်။ နောက်တစ်ခုက ရွှေဘုန်းရှိန်ဗလီဆိုရင်လည်း ပိနေတာတွေ ရှိတယ်။ ကယ်ဆယ်ရေးမလုပ်နိုင်သေးဘူး” ဟု မန္တလေးမှ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောသည်။

သေဆုံးမှုများပြားသော ဗလီများမှာ ကျောက်ဆည် ဆူးလေကုန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊ မန္တလေးအနောက်အပ်ချုပ်ဗလီ၊ ရွှေဘုန်းရှိန်ဗလီ၊ တောင်ငူ ကန်တော်ဗလီ၊ တံတားဦး မြစ်သာရပ် ဗလီ၊ စကြာမြောက် ဗလီ စကြာတောင် ဗလီ၊ ပျော်ဘွယ် မြို့သစ်ဗလီ၊ လယ်ဝေး ဗလီ၊ ပလိပ်မြို့မ ဗလီ၊ ချမ်းမြသာစည် ဂိုင်ရွာဗလီ တို့ဖြစ်သည်။

ယင်းအပြင် ရမည်းသင်းမြို့ ဗလီ ၊ ပျဉ်းမနားဗလီ၊ ပလိပ်မြို့မ ဗလီ၊ စစ်ကိုင်း ဗလီ ၊ ဇီးပင်ပေါက် ဗလီ၊ ရွှေဘို ဆင်ရုံဗလီ၊ ကံသာကုန်းဗလီ၊ အမြောက်တန်း ဗလီ၊ သာစည် ဗလီ၊ မိတ္ထီလာမြို့ ဗလီ၊ မန္တလေး -သူဌေးတန်းဗလီ၊ တိုက်တန်းဗလီ၊ မြောက်အိုးဘို ဗလီ၊ ကြယ်တိုက်ဝင်းဗလီ၊ မင်္ဂလာဗလီ တို့မှာ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

မန္တလေးဒေသခံတစ်ဦးက “ကယ်ဆယ်ရေးလည်းရှာလို့မရဘူး။ ရှာဖွေရေးကိုလည်း ဆက်သွယ်လို့မရဘူး။ ကယ်ဆယ်ရေးဖုန်း တွေကိုလည်း ဆက်သွယ်တာ တစ်လုံးမှ ဆက်သွယ်လို့မရဘူး။ မနေ့က နေ့လည် ၁ နာရီ မထိုးခင် ကတည်းက ပြိုကျသွားတာပေါ့၊ ဖြစ်သွားချိန်ကတည်းက အခုလက်ရှိအချိန်အထိ ကျနော်တို့မိသားစု ဝင်တွေနဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ ရှာဖွေနေတာ၊ အုတ်တွေက အရမ်းကြီးတဲ့အတွက်ကြောင့် အောက်က အလောင်းတွေကို ဘယ်လိုမှ ဖော်လို့မရဘူး။ အဓိက က ကရိန်းတို့ ဘာတို့နဲ့ လုပ်မှရမှာ။ ကရိန်းကလည်း ဘယ်လိုမှ ဆက်သွယ်ပြီး ငှားလို့မရဘူးဖြစ်နေတယ်” ဟု အခြေအနေကို ရှင်းပြသည်။

မိသားစုဝင် ၆ ဦးရှိသည့်အနက် ၄ ဦးမှာ ဗလီပြိုကျမှုအတွင်း ပိတ်မိနေပြီး အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသွားပြီဟု မန္တလေး ရွှေဘုန်းရှိ ဗလီပြိုကျမှုအတွင်း မိသားစုဝင်များ ပါသွားသူ ဒေသပြည်သူတစ်ဦးကပြောသည်။

“ကျနော့် မိသားစုဝင်လေးယောက် ပိတ်မိနေတယ်။ မိသားစုဝင် ၆ ဦးရယ်၊ ကျနော်ရယ် အိမ်ထဲမှာ ရှိနေတာပေါ့၊ အိမ်ပြိုတဲ့အချိန်မှာ ကျနော်ကတော့ ခါးပိုင်းလေးပဲ မို့လို့ လွတ်သွားတာ။ ကျနော့် အဒေါ်တစ်ယောက်တော့ ခြေထောက်ထိသွားတယ်။ နောက်ထပ် ကျနော့် အဒေါ်တစ်ယောက်ကိုလည်း ရှာတွေ့တယ်။ သူကတော့ အသက် မပါတော့ဘူး။ နောက်ထပ် ကျနော့်အဖွားရယ်၊ ကျနော့် ဦးလေး ၂ ယောက်ရယ်၊ အဒေါ်တစ်ယောက်ရယ်၊ အထဲမှာ ဒါပေမယ့် အသက်ရှင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဒီထိပ်ကလေးမှာ ရှာတွေတဲ့ သူတွေတောင် ၂ ယောက်မှာ တစ်ယောက်က အသက်ပါမလာဘူး။ တစ်ယောက်ကတည်း မျော့မျော့လေးပဲ ကျန်တာဖြစ်တဲ့အတွက်” ဟု ပြောသည်။

ဗလီအပျက်အစီးများအကြားမှ ထုတ်ယူရရှိသော အလောင်းများကို အစ္စလမ်ဘာသာ ဓလေ့ထုံးတမ်းများနှင့်အညီ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ