(သေဆုံးသူ ၅၀ နီးပါးကို အတည်ပြုပြီး သေဆုံးသူ ရာနှင့်ချီရှိနိုင်ကြောင်း ဒေသခံများပြော)
ယမန်နေ့က မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းပျက်စီးသွားပြီး လတ်တလော စာရင်းအရ သေဆုံးသူ ၅၀ နီးပါးကို အတည်ပြုနိုင်ပြီး နောက်ထပ် သေဆုံးသူများရှိနိုင်ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
စစ်ကိုင်းတိုင်းတွင် ထိခိုက်သေဆုံးသူ များပြားသော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ နည်းပါး၍ အသေအပျောက်များပြားနိုင်ကြောင်း စစ်ကိုင်းပြည်သူတစ်ဦးက ပြောသည်။
ကူညီကယ်ဆယ်နေသူ စစ်ကိုင်းပြည်သူတစ်ဦးက “စစ်ကိုင်းက မန္တလေးထက်တောင် အသေအပျောက်များနိုင်တယ်။ မြတ်ကိုယ်ပိုင်သင်တန်ကျောင်းမှာ ကလေးတွေ စာသင်နေတုန်းပြိုကျတာ ကလေးအားလုံးဆုံးတယ်။ ပိနေတယ်။ လေးကျွန်းမြေအုတ် ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာသင်တန်းသားတွေ ဖွင့်နေတုန်း ပြိုကျတာ ကလေးတစ်ဝက်နီးပါး ပါသွားတယ်။ အခုက စာရင်းကောက်ဖို့ နေနေသာသာ ကယ်ဆယ်ရေးကို မစနိုင်တာ” ဟု ပြောသည်။
စစ်ကိုင်းမြို့ပေါ်တွင် ဗလီ ၃ လုံး ပြိုကျခဲ့ပြီး လတ်တလော စာရင်းများအရ ၄၅ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး အလောင်းများမှာ အပျက်အစီးများအောက်တွင် ပိမိနေကြောင်း သိရသည်။
စစ်ကိုင်းမြို့ မီးသတ်ဌာနမှာလည်း ပြိုကျပျက်စီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသော စစ်ကိုင်းတံတားအသစ်မှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ချည်းကပ်လမ်းများ ပြိုကျနေသဖြင့် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။
“မန္တလေးဘက်က ကယ်ဆယ်ရေးတွေ ဒီဘက်ကို မလာနိုင်ဘူး။ တစ်မြို့လုံးကတော့ အပျက်အစီးတွေကို ထိုင်ကြည့်နေရတာ” ဟု ပြည်သူတစ်ဦးက ဆိုသည်။
၇ ဒသမ ၇ ဆင့်ရှိသော အင်အားပြင်း ငလျင်မှာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်တို့တွင် လှုပ်ခတ်ပြီး ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု များပြားနေကြောင်း သိရသည်။
လက်ရှိတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့သော ဒေသများသို့ သွားရောက်ကူညီနေကြကြောင်း သိရသည်။
ယင်းအပြင် အမေရိကန်၊ ကုလသမဂ္ဂ၊ စင်္ကာပူ စသဖြင့် နိုင်ငံ တော်တော်များများက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရသည်။